ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့ =============================================== နေပြည်တော် ဒီဇင်ဘာ ၂၈ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် သဝဏ်လွှာတစ်စောင်ပေးပို့သည်။ အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်- ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာ ၁။ ယနေ့ ၂၇၅၆ ခုနှစ်၊ သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်မင်္ဂလာနေ့ထူး နေ့မြတ်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးနဲ့ ကမ္ဘာ့ဒေသအရပ်ရပ်မှာ ပျံ့နှံ့အခြေချနေထိုင်လျက်ရှိကြတဲ့ ကရင်တိုင်းရင်းသား အပေါင်းတို့ ကောင်းမြတ်ခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂။ တိုင်းရင်းသားပေါင်းများစွာနဲ့ဆောက်တည်ထားတဲ့ ကျွန်မတို့ပြည်ထောင်စုရဲ့ ဂုဏ်ယူတန်ဖိုးအထားရဆုံး အရာတစ်ရပ်ကတော့ ချစ်ဖွယ်ကောင်းလှတဲ့ အမျိုးမျိုးအဖုံဖုံသော ရိုးရာယဉ်ကျေးမှုအစဉ်အလာလေးတွေ ဖြစ်ပါတယ်။ အစဉ်အလာအလေ့အကျင့်ကောင်းတွေကို လေ့လာ၊ သတိရခြင်းဟာ ကျွန်မတို့တွေရဲ့ ပြည်ထောင်စုစိတ်ဓာတ် ကို မြှင့်တင်ပေးပြီး ကျွန်မတို့နိုင်ငံရဲ့ အင်အားတွေကြီးထွားစေပါတယ်။ ၃။ ရှေးယခင်ကစပြီး ကောက်သစ်ပေါ်ချိန်မှာ မိသားစုတွေ အတူတကွ ကောက်သစ်စားပွဲများ ကျင်းပလာရာမှ ကရင်နှစ်သစ်ကူးပွဲတော် ဆင်းသက်လာတယ်လို့ ဟြေလို့ရပါတယ်။ ဒါကြောင့် နှစ်သစ်ကူးချိန်ဟာ နှစ်ဟောင်းက အားစိုက်ကြိုးပမ်းမှုတွေရဲ့ အသီးအပွင့်တွေကို ရယူပွေ့ပိုက်နိုင်ခြင်းအတွက် ကျေနပ်ကြည်နူးရတဲ့ အချိန်အခါပါ။ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့လုပ်ခဲ့ရသမျှရဲ့ အကျိုးကျေးဇူးတွေကို တစ်နေ့တော့ ခံစား၊ စံစားရမှာပဲဆိုတဲ့ မျှော်လင့်ချက်ကို ရှင်သန်စေတဲ့ပွဲတော်ပါ။ ၄။ နှစ်ပေါင်း ၆ဝ ကျော် လွတ်လပ်ရေးရစဉ်ကစပြီး လောင်ခဲ့တဲ့ပြည်တွင်းစစ်မီး မကြာမီကာလမှာ ငြိမ်းစေရမယ် ဆိုတဲ့ မျှော်လင့်ချက်ရှင်သန်ရုံသာမက အကောင်အထည်ပေါ်လာဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ ကျွန်မတို့ တိုင်းရင်းသားများအားလုံးအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှုတွေ ပြုစုပျိုးထောင်ကြပါစို့။ ယခုနှစ် စိုက်လိုက်တဲ့ ငြိမ်းချမ်းရေးပျိုးပင်လေးတွေဟာ နောက်နှစ်မှာ ငြိမ်းချမ်းရေးကောက်သစ်စားပွဲကြီးကို ပြည်ထောင်စုတစ်ဝန်း ဆင်နွှဲနိုင်ကြပါစေလို့ ကရင်အမျိုးသားနှစ်သစ်ကူး အထူးမင်္ဂလာဆုတောင်းပို့သလိုက်ပါတယ်။ အောင်ဆန်းစုကြည်
Source : http://ift.tt/2iGubtO
via IFTTT
No comments:
Post a Comment