ဖီဖာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်နှင့် ကာရှီးမားအန်တလာတို့ ဆုံတွေ့ အိုဆာကာ၊ ဒီဇင်ဘာ ၁၅ ဂျပန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းက ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ချန်ပီယံမက္ကဆီကို ကလပ်အမေရိက အသင်းကို နှစ်ဂိုး ဂိုး မရှိဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့ကြောင်း FIFA က ဖော်ပြထားသည်။ ရီးရဲလ်မက်ဒရစ်နှင့် ကလပ်အမေရိကတို့သည် ပွဲမစတင်မီတွင် ကိုလံဘီယာနိုင်ငံ၌ ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှု ဖြစ်စဉ်၌ အသက် ဆုံးရှုံးသွားခဲ့ရသူ ၇၁ ဦး(အဆိုပါ လေယာဉ်ပျက်ကျမှုတွင် ဘရာဇီးကလပ် ချာပီကိုအန်ဆီအသင်း ကစားသမား ၁၉ ဦး အပါအဝင် နည်းပြအဖွဲ့ဝင်များနှင့် အသင်းအုပ်ချုပ်သူများလည်း အသက် ဆုံးရှုံးခဲ့သည်) အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက် ရပ်တန့်ခဲ့ကြပြီး ယခုပွဲစဉ်ကို ပါရာဂွေး ကွင်းလယ်ဒိုင်လူကြီး အင်းနရစ်ကာဆီရက်စ်က တာဝန်ယူ ကြီးကြပ်သွားခဲ့သည်။ ရီးရလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ဘင်ဇီးမားနှင့် စီရော်နယ်ဒိုတို့ကို တိုက်စစ်တွင် တွဲဖက်ကာ တိုနီခရူးစ်၊ ကာဆီမီရို၊ မိုဒရစ်နှင့် လူးကပ်စ်တို့ကို ကွင်းလယ်၌ ကစားစေခဲ့ပြီး ခံစစ်ကြောင်းကိုမူ ကာဗာဂျယ်လ်၊ ဗာရာနေး၊ နာချို၊ မာဆယ်လိုတို့နှင့် အထိုင်ချသွားခဲ့သည်။ ရီးရဲလ်မက်ဒရစ်နှင့် ကလပ်အမေရိကတို့ ယှဉ်ပြိုင်ခဲ့ကြသည့် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရှိ ယိုကိုဟားမား ဘောလုံးကွင်းသည် ဘရာဇီးက ဂျာမနီကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ၂၀၀၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို လက်ခံ ကျင်းပပေးခဲ့သည့် သမိုင်းဝင် ဘောလုံးကွင်း တစ်ကွင်းဖြစ်ကာ ရီးရဲလ်မက်ဒရစ်နှင့် ကလပ်အမေရိကတို့ ပွဲစဉ်ကို တက်ရောက် ကြည့်ရှုခဲ့သည့် ပရိသတ် အရေအတွက်မှာ ၇၂,၃၂၇ ဦး ရှိခဲ့သည်။ ရီးရဲလ်မက်ဒရစ်သည် ပွဲအစအဆုံးနီးပါး ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ပွဲကို စိတ်ကြိုက် ထိန်းချုပ်သွားခဲ့ပြီး ကလပ်အမေရိက အသင်းမှာ တန်ပြန် တိုက်စစ်ဆင်မှုများကတစ်ဆင့်သာ ရီးရဲလ်မက်ဒရစ် ဂိုးပေါက်ကို ခြိမ်းခြောက်သွားခဲ့ရသည်။ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ပွဲအစ ၁၅ မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ယင်းဂိုးကို သွင်းယူချိန်၌ စီရော်နယ်ဒို လူကျွံနေခဲ့ကြောင်း စည်းကြပ်ဒိုင်လူကြီးက အလံထောင်သွားခဲ့ကာ ပွဲချိန် ၂၆ မိနစ်တွင် စီရော်နယ်ဒို၏ ခေါင်းတိုက်ချက် ဂိုးတိုင်ထိ ထွက်သွားခဲ့ရသည်မှာလည်း ရီးရဲလ်မက်ဒရစ်အတွက် နစ်နာခဲ့သည်။ ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးကို ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်တွင် ဘင်ဇီးမားက တိုနီခရူးစ် ခင်းပေးလိုက်သည့် ဘောလုံးကို ခြောက်ကိုက်စည်းအတွင်းမှနေ၍ ဂိုးအပေါ် ထောင့်သို့ ကန်သွင်းရယူ ပေးသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ် အနိုင် သေချာစေမည့် ဒုတိယမြောက် ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပို၌ ပူပူနွေးနွေး ဘလွန်းဒီအော်ဆုရှင် စီရော်နယ်ဒိုက လူကျွံထောင်ချောက်ကို ပါးနပ်စွာ ဖြတ်ကျော်ကာ ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင် ကန်သွင်းသွားခဲ့ခြင်း ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်သည် လာမည့် ဒီဇင်ဘာလ ၁၈ ရက်(တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ညနေ ငါးနာရီတွင် အိမ်ရှင် ဂျပန် အမှတ်ပေး ချန်ပီယံ ကာရှီးမားအန်တလာနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင် သွားရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ် မကစားမီ ညနေ သုံးနာရီခွဲတွင် ကလပ်အမေရိကနှင့် အက်သလက်တီကို နေစီယွန်နယ်တို့က တတိယနေရာလုပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။
Source : https://goo.gl/5NBt0G
via IFTTT
No comments:
Post a Comment