Thursday, December 15, 2016

The Irrawaddy - Burmese Edition

ပြည်ပရောက် မြန်မာများ အပျို၊ လူပျို ဖြစ်ကြောင်း ထောက်ခံချက် လွှတ်တော်တွင် ဆွေးနွေး ပြည်ပတွင် နိုင်ငံခြားသား နှင့် အိမ်ထောင်ပြုရန် စီစဉ်နေသည့် မြန်မာနိုင်ငံသားများ အတွက် အပျို၊ လူပျို ဖြစ်ကြောင်း ထောက်ခံချက်ကို မြန်မာ အစိုးရ ထုတ်မပေးနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကျော်တင်က ယမန် နေ့ က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ ဦးကျော်တင်က “မြန်မာ အမျိုးသမီးတဦးအား နိုင်ငံခြားသားတဦးဦးက လက်ထပ်ကြောင်း ကျမ်းကျိန်လွှာ ပြုလုပ်လာ ပါက မည်သည့် တရားရုံးကမျှ လက်ခံ ဆောင်ရွက်ပေးခြင်း မပြုရန် ညွှန်ကြားထားပါတယ်”ဟု ပြောဆိုသည်။ ပုဇွန်တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် ၏ အပျို၊ လူပျို ဖြစ်ကြောင်း ကျမ်းကျိန်လွှာ (နိုတြီ) ပေါ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထောက်ခံချက်ပေးရန် ငြင်းဆန်နေခြင်းကို ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းကို မေးမြန်းစဉ် ဒု ဝန်ကြီး ဦးကျော်တင်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မြန်မာ အမျိုးသမီးများသည် နိုင်ငံခြားသားများနှင့် လက်ထပ်၍ ပြည်ပသို့ လိုက်ပါသွားပြီးနောက် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်မှ တားဆီးကာကွယ်သည့် အနေဖြင့် လက်ထပ် ကျမ်း ကျိန် လွှာကို ဆောင်ရွက်ပေးခြင်း မပြုရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၁၉၉၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် အမိန့် ညွှန်ကြားချက် အမှတ် ၂/၉၈ ကို ထုတ်ပြန်ထားကြောင်း သိရသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များကို လိုက်ပါ အကောင်အထည်ဖော် နေရသည့် ဌာနတခုဖြစ်သဖြင့် အပျိုလူပျိုဖြစ်ကြောင်း ထောက်ခံစာ အပေါ်တွင် မထောက်ခံရခြင်း ဖြစ်ကြောင်းလည်း ဦးကျော်တင် က ရှင်းပြသည်။ “ဒီလိုတားမြစ်ထားတဲ့ တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်ကို ယနေ့ အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ကိုက်ညီမှု ရှိ မရှိ၊ ပြန်လည် စိစစ်ပြင်ဆင်ရေး အတွက် ကျနော်တို့ အနေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ အထက် အဖွဲ့အစည်းတွေကို ပြန်လည် သုံးသပ်ဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီး ဦးကျော်တင်က ပြောသည်။ အပျို၊ လူပျို ဖြစ်ကြောင်း ကျမ်းကျိန်လွှာ ပြုလုပ်သူ၊ အထူးသဖြင့် အပျိုဖြစ်ကြောင်း ထောက်ခံချက် တောင်းခံမှုများ သည် အများအားဖြင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများမှ နိုင်ငံခြားသားများနှင့် လက်ထပ်ရန် ရည်ရွယ်၍ ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်းလည်း ဦးကျော်တင်က ဆိုသည်။ ဒုဝန်ကြီး၏ ဖြေကြားချက်ကို ကျေနပ်မှု မရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို ကျော်လွန် ဆောင်ရွက်ထားသည့် တရားရုံးချုပ်က ဥပဒေ ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ဦးမြင့်လွင် က ထည့်သွင်း ပြောဆိုသည်။ “တရားရုံးကို လက်ထပ်ဖို့ လာကြတဲ့အခါ ကိုယ့်တိုင်းပြည်က ဘာမှ လုပ်မပေးနိုင်တော့ တိတ်တိတ်ပုန်း မယားတွေ ဖြစ်ကုန်တယ်။ ကျနော်တို့ ဗမာတွေဟာ နိုင်ငံခြားသွားပြီးတော့ ပတ်စ်ပို့က နီနီ၊ တိုင်းပြည်က မွဲမွဲ၊ လူက တရားမဝင် မယား။ ဖြစ်နေတဲ့ ပုံစံက။ ယိုးဒယားမှာဆိုရင် အများကြီးပဲ”ဟု ဦးမြင့်လွင်က ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၃ အရ တည်ဆဲ ဥပဒေ အညီမှတပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရန်ဟု ပြဌာန်းထားကြောင်းလည်း ၎င်းက ကိုးကား ပြောဆိုသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင်ကလည်း လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ ရှင်းလင်း တင်ပြ ချက်များနှင့် ပတ်သက်၍ သဘောတူကြောင်း၊ အပျိုလူပျိုဖြစ်ကြောင်း ထောက်ခံချက်များကို ယခင်က ထုတ်ပေးခဲ့ဖူး ကြောင်း၊ တရားရုံးချုပ်က ညွှန်ကြားချက်ကို ပြင်ဆင်ပေးသည်နှင့် တပြိုင်နက် ချက်ချင်း အကောင်အထည် ဖော်သွား မည် ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသူ မြန်မာနိုင်ငံသားများသည် လက်ထပ်ထိမ်းမြားရန်အတွက် သက်ဆိုင်ရာ နိုင်ငံရှိ တရား ရုံးများ၊ လက်ထပ် မှတ်ပုံတင်ရုံးများသို့ သွားရောက်သည့်အခါ အိမ်ထောင်မရှိ အပျို၊ လူပျိုဖြစ်ကြောင်း ကျမ်းကျိန် လွှာ တစောင် လိုအပ်ကြောင်း၊ ထို့ကြောင့် လက်ထပ်လိုသည့် အပျို လူပျိုများသည် မြန်မာပြည်သို့ ပြန်လာ ၍ တရားရုံး ရှေ့ တွင် ကျမ်းကျိန်ဆိုသည့်အခါ တရားသူကြီးက မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေး၍ တံဆိပ်တုံး ထုပေး လိုက်ကြောင်း သိရ သည်။ ထိုအခါ တရားသူကြီး ထုပေးလိုက်သည့် တံဆိပ်တုံးသည် မြန်မာနိုင်ငံ၏ တံဆိပ်တုံးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန က အတည်ပြုပေးရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။ “နိုင်ငံတိုင်းမှာ ဒီလိုပဲ လုပ်ကြပါတယ်။ အဲဒီအခါမှာ နိုင်ငံတကာမှာ ဘာတွေရေးလည်း ဆိုရင် အပေါ်က စာသားများ ဟာ သူနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တံဆိပ်တုံး ထုပေးဖို့ ငြင်းပါ တယ်”ဟုလည်း ဦးမြင့်လွင်က ပြောဆိုသည်။ ထိုသို့ တရားဝင် လက်ထပ်ခွင့်မရသဖြင့် တရားဝင် အမွေဆက်ခံခွင့် အပါအဝင် မွေးဖွားလာသော ကလေးငယ် များ သည်လည်း ဥပဒေ အရ မည့်သည့် အခွင့်အရေးမှ မရရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံခြားရောက် မြန်မာတွေဟာ ပလက်ဖောင်းကို ခေါင်းအုံးလုပ်ပြီးတော့ မဲပေးခဲ့ကြတယ်။ သူတို့ ကျနော်တို့ကို ထောက်ခံခဲ့ကြတယ်။ ကျနော်တို့ သူတို့ကို ဘာပြန်ပေးမှာလဲ”ဟုလည်း ဦးမြင့်လွင်က ပြောဆိုသည်။
Source : https://goo.gl/NRKaAg
via IFTTT

No comments:

Post a Comment