Tuesday, December 20, 2016

The Voice

နှစ်ချို့ဝိုင်နီကဲ့သို့ သက်တမ်းရင့်လေ ပိုကောင်းလေဖြစ်ကြောင်း အီဘရာဟီမိုဗစ် ဝင့်ကြွား မန်ချက်စတာ၊ ဒီဇင်ဘာ ၁၉ မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ၎င်းမှာ နှစ်ချို့ဝိုင်နီနှင့် အလားသဏ္ဌာန် တူညီကြောင်း တင်စားပြောကြားလိုက်ပြီး ၎င်း၏ ခြေစွမ်းမှာ အသက်ကြီးသည်နှင့်အမျှ ပိုမိုတိုးတက်ကောင်းမွန်လာကြောင်းလည်း အီဘရာဟီမိုဗစ်က ဝင့်ကြွားသွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။ အီဘရာဟီမိုဗစ်သည် လက်ရှိဘောလုံးရာသီတွင် မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်၌ သွင်းဂိုး ၁၆ ဂိုးအထိ ရယူပေးထားပြီ ဖြစ်ကာ မန်ယူက ဝက်စ်ဘရွန်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင်လည်း အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးလုံးကို ၎င်းကပင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ အီဘရာဟီမိုဗစ်သည် ပရီးမီးယားလိဂ်တွင် အခြေကျရန်အတွက် ၎င်းအချိန်ယူရလိမ့်မည် ဟူသော ဝေဖန်ချက်များကို သွင်းဂိုးများနှင့်အတူ ချေဖျက်ပြလိုက်နိုင်ပြီ ဖြစ်ကြောင်းလည်း အသိပေးထားကာ လက်ရှိအချိန်တွင် အသက် ၃၅ နှစ်အရွယ် ရှိနေပြီ ဖြစ်သော်လည်း အသက် ၂၀ အရွယ် လူငယ်ကစားတစ်ဦးဟုသာ မှတ်ထင်နေမိသည်ဟု အီဘရာဟီမိုဗစ်က ပြောကြားထားသေးသည်။ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် အီဘရာဟီမိုဗစ်က “ကျွန်တော်က အသက်ကြီးလေ ပိုကောင်းလာလေပါပဲ။ ပြောရမယ်ဆိုရင် သက်တမ်းရင့် နှစ်ချို့ဝိုင်နီလိုပေါ့ဗျာ။ ကစားရတာလည်း ပိုပြီးကျေနပ်မှု ရှိလာသလို ခြေစွမ်းကလည်း စိတ်ကြိုက်ဖြစ်စရာ ကောင်းလာပါတယ်။ အခု အင်္ဂလန်မှာ ကျွန်တော် အခြေကျနေပါပြီ။ အသက် ၃၅ နှစ်အရွယ် ရှိလာခဲ့ပြီ ဖြစ်ပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ အသက် ၂၀ အရွယ်လို့ ထင်မှတ်နေဆဲပါပဲ။ အသက် ၅၀ လောက်အထိ ကျွန်တော် ကစားသွားနိုင်လိမ့်မယ်လို့တောင် မျှော်လင့်နေမိပါတယ်” ဟု အသိပေးသွားခဲ့သည်။ အီဘရာဟီမိုဗစ်သည် မန်ယူက ဝက်စ်ဘရွန်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ဖြစ်သူထံသို့ တံတောင်ထုတ်၍ ခုန်ဝင်ခဲ့သည့်အတွက် အဝါကတ် ပြသသတိပေးခြင်း ခံခဲ့ရပြီး ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်လူကြီးဟောင်းတစ်ဦး ဖြစ်သည့် ဂရေဟမ်ပူးလ်ကမူ ယင်းပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာ အနေနှင့် အီဘရာဟီမိုဗစ်ကို တိုက်ရိုက်အနီကတ် ပြသထုတ်ပယ်ခဲ့သင့်သည်ဟု ဝေဖန်ထားသည်။ ဂရေဟမ်ပူးလ်သည် ဝက်စ်ဘရွန်းနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်ရိုက်အနီကတ် ပြသသင့်သည့်ဖြစ်စဉ် သုံးခု ရှိခဲ့ကြောင်း ထောက်ပြထားပြီး ယင်းဖြစ်စဉ်များမှာ အီဘရာဟီမိုဗစ်က ခရိတ်ဂျ်ဒေါ်ဆန်ထံသို့ တံတောင်ထုတ်၍ ခုန်ဝင်ခဲ့ခြင်း၊ မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို ဝက်စ်ဘရွန်း ကွင်းလယ်လူ ခရစ္စဘရန့်က ကြမ်းတမ်းစွာ လူချကစားခြင်းနှင့် ဝက်စ်ဘရွန်း တိုက်စစ်မှူး ရွန်ဒွန်က မန်ယူနောက်ခံလူ ရိုဂျိုကို ရင်ဘတ်ဆောင့်တွန်း၍ မျက်နှာကို လက်ဖြင့် လှမ်းရိုက်ခဲ့ခြင်းတို့ ဖြစ်ကြောင်း ဂရေဟမ်ပူးလ်က အသိပေးထားသည်။ အီဘရာဟီမိုဗစ်သည် တိုက်ကွမ်ဒို အားကစားနည်းတွင် ခါးပတ်နက်အဆင့် ရရှိထားသူဖြစ်ကာ ဘောလုံးအပြင် ၎င်းစိတ်ဝင်စားသည့် အခြားသော အားကစားနည်းမှာ ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး (MMA) ဖြစ်သည်။ အီဘရာဟီမိုဗစ်သည် အားလပ်ချိန်များတွင်မူ ရက်ဂေးသီချင်းများ နားထောင်၍ အပန်းဖြေလေ့ ရှိသည်။
Source : https://goo.gl/tm4ZCx
via IFTTT

No comments:

Post a Comment