Friday, December 16, 2016

The Voice

ဂန်ဒိုဂန် ကာလရှည် နားရမည်ကို ဂွါဒီယိုလာ စိုးရိမ် မန်ချက်စတာ၊ ဒီဇင်ဘာ ၁၅ မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဝက်ဖို့ဒ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာ ရသွားခဲ့သော ၎င်း၏ ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ကာလရှည်ကြာ နားရမည်ကို စိုးရိမ်လျက်ရှိကြောင်း Sportmail က ဖော်ပြထားသည်။ ဂန်ဒိုဂန်သည် မန်စီးတီးနှင့် ဝက်ဖို့ဒ်တို့ ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်ဖို့ဒ်ကွင်းလယ်လူ အမ်ရာဘတ်နှင့် ဘောလုံးယှဉ်လုရာ၌ ယင်းဒဏ်ရာကို ရသွားခဲ့ခြင်း ဖြစ်ကာ ဆေးစစ်ချက် ပထမအဆင့် အဖြေများအရ ဂန်ဒိုဂန်မှာ ဒူးလည်သွားခြင်းနှင့်အတူ အရွတ်ဒဏ်ရာ ရသွားခဲ့ကြောင်းကို မန်စီးတီးအသင်း ဆေးအဖွဲ့က စစ်ဆေးတွေ့ရှိထားပြီ ဖြစ်သည်။ နည်းပြ ဂွါဒီယိုလာသည် ညာဘက်ဒူးအရွတ် ထိခိုက်သွားခဲ့သည့် ဂန်ဒိုဂန်ကို ပထမပိုင်း ပွဲကစားချိန် ၄၄ မိနစ်၌ ဖာနန်ဒိုနှင့် လူစားလဲလှယ်လိုက်ရပြီး ဂန်ဒိုဂန်ရရှိထားသည့် ဒဏ်ရာမှာ လနှင့်ချီ၍ နားရတတ်သော ဒဏ်ရာအမျိုးအစား ဖြစ်ကြောင်း မန်စီးတီးအသင်း ဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြထားသည်။ ဂန်ဒိုဂန်သည် ဒေါ့မွန်ထံတွင် ကစားသမားဘဝ ဖြတ်သန်းခဲ့သည့် ယမန်နှစ် ဘောလုံးရာသီအတွင်း ညာဘက်ဒူးအဆစ် လွဲသွားခဲ့သည့်အတွက် လပေါင်းများစွာ အနားယူခဲ့ရဖူးပြီး မန်စီးတီးသို့ ပြောင်းရွှေ့ချိန်၌ပင် ယင်းဒဏ်ရာမှာ အကင်းမသေသေးသည့်အတွက် ဆေးကုသမှုများ ဆက်လက်ခံယူခဲ့ရဖူးသည်။ မန်စီးတီးက ဝက်ဖို့ဒ်ကို အနိုင်ရရှိခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအတွက် အနိုင်ဂိုးများကို နောက်ခံလူ ဇာဘလက်တာနှင့် ကွင်းလယ်ကစားသမား ဆေးလ်ဗားတို့က သွင်းယူပေးခဲ့ကြပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့သော ဇာဘလက်တာမှာ မန်စီးတီးအတွက် ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂိုးပြန်လည်ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဇာဘလက်တာသည် မန်စီးတီးထံတွင် ကစားသမားဘဝ ဖြတ်သန်းခဲ့သည့် ရှစ်နှစ်တာကာလ အတွင်း ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၃၁၇ ပွဲ ကစားခွင့် ရရှိခဲ့ရာ၌ သွင်းဂိုး ၁၀ ဂိုး ရယူပေးထားနိုင်ပြီ ဖြစ်ကာ ယခုမတိုင်မီတွင် မန်စီးတီးအတွက် ဇာဘလက်တာ နောက်ဆုံး ဂိုးသွင်းယူပေးခဲ့သည်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ရိုးမားနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်၌ ဖြစ်သည်။
Source : https://goo.gl/6bRS1X
via IFTTT

No comments:

Post a Comment