Friday, December 23, 2016

The Voice

လူသားနှင့် စက်ရုပ် လက်ထပ်မှုများ ၂၀၅၀ မတိုင်မီ ပေါ်ပေါက်လာမည်ဟုဆို လန်ဒန်၊ ဒီဇင်ဘာ ၂၂ လူသားနှင့် စက်ရုပ်များ လက်ထပ်ခြင်းကို လာမည့် ၃၅ နှစ် အတွင်း လုပ်ဆောင်လာကြဖွယ် ရှိကြောင်း လန်ဒန်မှ စက်ရုပ်ကျွမ်းကျင်ပညာရှင် ဒေါက်တာဒေးဗစ်လဲဗီက Love and Sex with Robots ဆိုသည့် ညီလာခံတွင် ထုတ်ဖော်ပြောကြားချက်ကို AP သတင်းတွင် ဖော်ပြထားသည်။ မကြာသောကာလတွင် စက်ရုပ်များသည် လူသားများထက် ဆွဲဆောင်မှု ရှိလာရုံမက ဉာဏ်ရည်တု (AI) အနေနှင့်လည်း လူသားတို့ လိုက်မမီနိုင်လောက်အောင် ဖြစ်လာနိုင်သောကြောင့် ၂၀၅၀ မတိုင်မီ စက်ရုပ်များနှင့် အိမ်ထောင်ပြုခြင်းများကို ဆောင်ရွက်လာနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။ လန်ဒန်တွင် ကျင်းပလျက်ရှိသော ယင်းညီလာခံတွင် ဒေါက်တာဒေးဗစ်က လူသားနှင့် စက်ရုပ်များ၏ ဆက်ဆံရေးကို ယခုခေတ်အနေနှင့် မဖြစ်နိုင်ဟု လှောင်ပြောင်စရာ ကိစ္စတစ်ခု အနေနှင့် ရှုမြင်ကြမည် ဖြစ်သော်လည်း အနာဂတ်တွင် မဖြစ်နိုင် ဆိုသူများကို တကယ့်လက်တွေ့ လက်ထပ်ပွဲများက ပြန်ပြီး လှောင်ပြောင်ကြလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။ ဒီဇင်ဘာ နောက်ဆုံးအပတ်ထိ ကျင်းပမည့် ထိုညီလာခံကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ စက်ရုပ်ကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြပြီး အနာဂတ်တွင် စက်ရုပ်နှင့် လူသားများ၏ ဆက်ဆံမှုဆိုင်ရာ အနေအထားများကို စာတမ်းများ တင်သွင်းဖတ်ကြားခဲ့ကြသည်။ ၂၀၅၀ ပြည့်နှစ်ခန့် ရောက်လျှင် အမျိုးသား ထက်ဝက်ကျော်သည် စက်ရုပ်များကို ဝယ်ယူပြီး မိမိတို့ ဆန္ဒများကို ဖြေဖျောက်လာဖွယ် ရှိကြောင်း၊ အမျိုးသားများအနေနှင့် စက်ရုပ်များကို အိပ်ဖော်များအဖြစ် အသုံးပြုလာကြမည် ဆိုခြင်းမှာ ကိုယ်ကျင့်တရား စံများအရ ပိုင်းဖြတ်ကြရန် လိုကြောင်း ထိုညီလာခံတွင် ဆွေးနွေးခဲ့ကြသည်။ မကြာသေးမီက လန်ဒန်တက္ကသိုလ်တွင်လည်း Goldsmiths ဆိုသည့် စက်ရုပ်ညီလာခံကို ကျင်းပပြုလုပ်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၆၇ နှစ်အတွင်း အမျိုးသား ၂၆၃ ဦး၏ သဘာဝလွန် ဆက်ဆံမှုဆိုင်ရာ စိတ်ထားများကို လေ့လာပိုင်းဖြတ် သုံးသပ်ခဲ့ကြကြောင်း Reuters သတင်းတွင် ရေးသားထားသည်။ ညီလာခံကို တက်ရောက်လာကြသည့် အမျိုးသားများကို လေ့လာဆန်းစစ်ခဲ့ရာတွင် လာမည့် ငါးနှစ်အတွင်း လူသားကဲ့သို့ ဉာဏ်ရည်မြင့်မားသော စက်ရုပ်များ ပေါ်ပေါက်လာမည် ဆိုပါလျှင် ဝယ်ယူသုံးစွဲရန် အသင့်ရှိကြောင်း ၄၀ ဒသမ ၃ ရာခိုင်နှုန်းခန့်က ဆန္ဒပြုခဲ့ကြသည်။ ဒေါက်တာဒေးဗစ်က “ခင်ဗျားတို့ အန်ဂျလီနာဂျိုလီလို စက်ရုပ်တစ်ရုပ်ကို အဖော်အဖြစ် အလွယ်တကူ ဝယ်လို့ရမယ်ဆိုရင် စိတ်ကူးကြည့်စမ်းပါ” ဟု ပြောကြားသည်။ မကြာသောကာလတွင် ဂျိုလီလို စက်ရုပ်မ တစ်ရုပ်ကို ဒေါ်လာ ၁၂၀၀ မှ ၂၅၀၀ ခန့်ပေးကာ စျေးကွက်တွင် အလွယ်တကူ ရလာနိုင်ကြောင်း ယင်းက ဆိုသည်။
Source : https://goo.gl/Aw84tn
via IFTTT

No comments:

Post a Comment