ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရန်ကုန်မြို့တော်အတွင်း မောင်းနှင်ပို့ဆောင်နေသည့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်များ၏ စည်းကမ်းဖောက်ခြင်းအပြင် ခိုက်ရန်ဖြစ်ပွားခြင်းများနှင့် ပတ်သက်၍ မထသ(ဗဟို) ကော်မတီ အနေနှင့် ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ “အပြောင်းအလဲကာလဖြစ်တဲ့ အခုချိန်က စည်းကမ်းထိန်းရတာ အရမ်းကို ခက်ခဲတယ်။ မျိုးစုံသော ကိစ္စရပ်တွေနဲ့ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ခရီးသည်တွေအတွက် မထသအနေနဲ့ အကျိုးပြုခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ စနစ်က လျော့နည်းလာတဲ့အတွက် မထိန်းချုပ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု မော်တော်ယာဥ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။ စနစ်သစ်ဖြင့် ပြေးဆွဲမည့် အများပိုင် ကုမ္ပဏီတွင် ပါဝင်ပြေးဆွဲနိုင်ခြင်း မရှိသည့် အချို့ယာဥ်လိုင်းများသည် ပြေးဆွဲမှု ရရှိနေသေးသည့် အခွင့်အရေးကို အသုံးချကာ ပြေးဆွဲမှု အခေါက်ရေ ပိုများရန် အရှိန်လွန် မောင်းနှင်နေကြောင်း ၎င်းက ပြောကြားသည်။ “အများပိုင်မှာ ပါတဲ့သူ၊ မပါတဲ့သူ ရှိတယ်။ မပါမယ့်ယာဥ်က လိုင်းပျက်တော့မယ်ဆိုတဲ့ အတွေးနဲ့ စည်းကမ်းကို မလိုက်နာဘဲ အသည်းအသန် ပြေးဆွဲနေတယ်။ လူမိုက်လို လူက ယာဥ်ပေါ်တက်ပြီး ယာဥ်စီးခကို ကောက်ချင်သလို ကောက်တာတွေလည်း ရှိနေတယ်” ဟု ၎င်းက ဆိုသည်။ ယာဥ်လုပ်သားများ စည်းကမ်းဖောက်မှုတွင် ယာဥ်စီး ခပိုကောက်ခံခြင်း၊ မချေမငံ ဆက်ဆံခြင်းတို့မှာ အများဆုံး ဖြစ်ပြီး အဆိုပါ စည်းကမ်းဖောက်မှုများကို ပိုမိုကြပ်မတ်နေသော်လည်း လူတစ်ဦးချင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်နေသောကြောင့် ကျူးလွန်သူ လျော့ကျလာခြင်း မရှိကြောင်း မော်တော်ယာဥ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။ ယာဥ်ပိုင်ရှင်များအနေနှင့် ယာဥ်လုပ်သားများအတွက် မျှတသည့် လုပ်အားခကို မပေးဆောင်နိုင်ခြင်း၊ လုပ်ငန်းခွင် စိတ်ကျေနပ်မှု ရှိစေရန် ဆောင်ရွက်နိုင်ခြင်း မရှိခြင်းတို့ကြောင့် ယာဥ်လုပ်သားများ စည်းကမ်းဖောက်မှုကို တွန်းအားပေးသလို ဖြစ်စေကြောင်း၊ အရှိန်ပြင်းမောင်းခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းကို ထိရောက်အောင် တားမြစ်သင့်ကြောင်း ခရီးသည်တင် ယာဥ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂ဝ ရက်အထိ ပြည်သူများ တိုင်ကြားမှု ၁၁၈၂ ကြိမ်ရှိပြီး အရေးယူထားပြီး ဖြစ်သည့် အမှုမှာ ၁၁၅ဝ မှု ဖြစ်ကြောင်း၊ တိုင်ကြားမှု ၁ဝဝတွင် ယာဥ်စီးခ ပိုတောင်းခြင်းမှာ ၇ဝ ခန့်ရှိကြောင်း မော်တော်ယာဥ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ခရီးသည်တင် ယာဥ်လိုင်း၏ ယာဥ်လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ၁၆ ကြိမ်၊ ခရီးသည်တင် ယာဥ်နှင့်အခြားယာဥ် ခိုက်ရန်ဖြစ်ပွားမှု ခြောက်ကြိမ်၊ တုတ်၊ ဓား လက်နက် တင်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးမှု ကိုးကြိမ် ရှိပြီး ယာဥ် ၈၈၃ စီးကို စစ်ဆေးရာတွင် လက်နက်သဖွယ် အသုံးပြုနိုင်သည်ဟု ယူဆရသည့် ဝါး၊ သစ်သားများ တင်ဆောင်လာသည့် ယာဥ် ၆၂ စီး စစ်ဆေးတွေ့ရှိ ကြောင်း မော်တော်ယာဥ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။
Source : https://goo.gl/Ps67Cv
via IFTTT
No comments:
Post a Comment