ရခိုင်အရေး မြန်မာကို ကူညီရန် နည်းလမ်းရှာမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီ မွတ်ဆလင်များ အရေးကိစ္စအတွက် ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၉ ရက်၌ ကျင်းပ ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအား အသိပေး ပြောကြားခဲ့သည်။ ဘင်္ဂါလီ ပြဿနာသည် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် သက်ဆိုင်သော အရေးကိစ္စ တစ်ခုဖြစ်သည်ဟု မလေးရှားနိုင်ငံက ဆိုပြီး အဖွဲ့ဝင်နိုင်ငံများ အနေနှင့် ဘင်္ဂါလီ လူမျိုးများအတွက် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပူးပေါင်း ပေးအပ်ရန်နှင့် ဘင်္ဂါလီတို့ ညှဉ်းပန်း နှိပ်စက်ခံနေရသည်ဟူသော စွပ်စွဲချက်များအတွက် စုံစမ်း ဖော်ထုတ်ရန် တိုက်တွန်းလိုက်ကြောင်း ယင်းဆွေးနွေးပွဲသို့ သွားရောက် သတင်း ရယူခဲ့သည့် Channel News Asia သတင်းဌာနက ရေးသား ဖော်ပြသည်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများ၊ အခြေအနေ အရပ်ရပ်တို့နှင့် ပတ်သက်၍ အလွတ်တန်း သဘောမျိုး တွေ့ဆုံမှုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားမှုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ အာဆီယံ မီဒီယာများသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အနီးကပ် စောင့်ကြည့်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက “ရှုပ်ထွေး နက်နဲလှသည့် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးနှင့် အပြုသဘောဆောင်စွာ ဆွေးနွေးဖြစ်ခဲ့ပါသည်။ (ရခိုင်ပြည်နယ်အတွက်) လူသားချင်း စာနာ ထောက်ထားမှုများ အတူတကွ ခွဲဝေ ပေးအပ်သွားရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်”ဟု သတင်း ထုတ်ပြန်သည်။ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်နန်က ယင်းဆွေးနွေးပွဲပြီးနောက် Facebook စာမျက်နှာတွင် “ကာလကြာရှည်စွာ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် အရေးကိစ္စ (ပြဿနာ) သည် အချိန်ယူ ဖြေရှင်းရန် လိုအပ်သလို အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်လည်း လိုအပ်သည်။ စိတ်ဆန္ဒကောင်းထားရှိပြီး ဆုံးဖြတ်ချက် ခိုင်မာမှုဖြင့် ဖြေရှင်းရမည် ဖြစ်သည်”ဟု ဖော်ပြပြီး မြန်မာနိုင်ငံအတွက် မည်ကဲ့သို့ အကောင်းဆုံး ဖြစ်အောင် ကူညီ ပံ့ပိုးပေးရမည် ဟူသော အချက်ကိုလည်း အာဆီယံ ဝန်ကြီးများ ဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အကျိုးအမြတ် ဖြစ်ထွန်းအောင် ရေရှည် ကူညီ ထောက်ပံ့မှု ပြုနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။ ရခိုင်ပြည်နယ် အရေးကိစ္စ၊ အထူးသဖြင့် ဘင်္ဂါလီ မွတ်ဆလင်များ အခွင့်အရေးနှင့် ပတ်သက်၍ သံတမန် ဆက်ဆံရေး ထိခိုက်လုနီးပါးဖြစ်အောင် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ်ဆရီအနီ ဖာအာမန်က ဘင်္ဂါလီ (၎င်း၏အခေါ် ရိုဟင်ဂျာ) လူမျိုးများအတွက် လူ့အခွင့်အရေး တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှု အခြေအနေတို့မှာ နှေးကွေးကြန့်ကြာလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ၎င်းက ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် ပြဿနာသည် အာဆီယံ ဒေသတွင်း နိုင်ငံများ စိုးရိမ် ပူပန်ရမည့် အရေးကိစ္စ တစ်ခုဖြစ်နေပြီဟု ယုံကြည်ကြောင်း၊ ပြဿနာကို အတူတကွ ဖြေရှင်းရန် လိုအပ်ကြောင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို အသိပေး ပြောကြားသည်ဟု CNA က ဖော်ပြသည်။ The Voice သတင်းစာမှ အွန်လိုင်းအဖွဲ့၏ လေ့လာ စောင့်ကြည့်မှုများအရ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေသည့် ဒီဇင်ဘာ ၁၉ ရက်တွင် ပြည်ပမီဒီယာ အချို့နှင့် လူ့အခွင့်အရေးအဖွဲ့ အချို့က ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ လွန်စွာ အနုတ်လက္ခဏာ ဆောင်သည့် သတင်းများနှင့် ဘက်လိုက်သော စစ်တမ်းအချို့ ဖော်ပြခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က မြန်မာစစ်တပ် (တပ်မတော်) သည် ဘင်္ဂါလီ လူမျိုးများကို ညှဉ်းပန်း နှိပ်စက်မှုများ၊ အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ Asia Corresponden အွန်လိုင်း သတင်းစာကလည်း “ဘင်္ဂါလီတွေ မြန်မာစစ်တပ်၏ အကြမ်းဖက် ခံရခြင်းသည် အမှန်တကယ် ဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည် ပျက်ကွက်ခဲ့သည်” ဟူသော ခေါင်းစဉ်ဖြင့် စွပ်စွဲ ရေးသားခဲ့သည်ကို တွေ့ရသည်။ အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်နှင့် အစိုးရအဖွဲ့တို့က လူ့အခွင့်အရေး အုပ်စုများ၏ စွပ်စွဲချက်များ အားလုံးကို ပယ်ချကြောင်း၊ အရပ်သားများ သတ်ဖြတ်ခံရခြင်း၊ အုပ်စုဖွဲ့ မုဒိမ်း ကျင့်ခံရခြင်း၊ နေအိမ်များ မီးရှို့ ဖျက်ဆီးခံရခြင်းစသည့် စွပ်စွဲချက်များ မဟုတ်မမှန်ကြောင်း တုံ့ပြန်ဖြေရှင်းသည်။ CAN သတင်းဌာနနှင့် ယခု လဆန်းပိုင်းက ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများ၊ ပြဿနာများကို ပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်သွားရန် ၎င်းအနေနှင့် ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် နားလည်မှု ပေးရန်လိုအပ်ကြောင်း တိုက်တွန်း ပြောဆိုခဲ့သည်။
Source : http://ift.tt/2hOqCoK
via IFTTT
No comments:
Post a Comment