AI နည်းပညာနှင့် တီထွင်မှုများကြောင့် အမေရိကတွင် အလုပ်လက်မဲ့ဦးရေ များလာမည်ဟုဆို ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉ ဉာဏ်ရည်တုဖြင့် လူသားတို့အတိုင်း တုပလုပ်ဆောင်နိုင်သော စက်ရုပ်များနှင့် အငှားဦးနှောက်များဖြင့် လုပ်ဆောင်နိုင်စွမ်းများ တိုးတက်ထွန်းကားလာခြင်းက အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့ဦးရေကို ပိုမိုတိုးပွားလာစေနိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်ကို AFP သတင်းတွင် ဖော်ပြထားသည်။ လက်ရှိ အလုပ်ဌာနပေါင်းစုံတွင် တာဝန်ယူ လုပ်ဆောင်နေသူများသည် ပညာတတ်များ နည်းပါးလာပြီး၊ နည်းပညာကလည်း အားကောင်းလာသည့်အတွက် မကြာသောကာလတွင် အမေရိကန် သန်းချီပြီး အလုပ်လက်မဲ့များဘဝ ရောက်ရန် သေချာသလောက် ရှိနေကြောင်း ယင်းသတင်းက ဆိုသည်။ ကျွမ်းကျင်လုပ်သားများ ရှားပါလာခြင်းနှင့် ဉာဏ်ရည်တု (AI) ဖြင့် စွမ်းဆောင်နိုင်သည့်စက်များ ပေါ်ပေါက်လာခြင်းက လူသားတို့၏ ဘဝကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာသော်လည်း အမေရိကန်ပြည်ထောင်စု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် AI အပေါ်တွင် များစွာ တည်မှီနေမည် ဖြစ်သောကြောင့် တီထွင်မှုများကို ရပ်ဆိုင်းလိုက်ရန် မဖြစ်နိုင်ဟု အိမ်ဖြူတော်က မှတ်ချက်ပြုသည်။ အိမ်ဖြူတော်က တင်သွင်းသည့် စာတမ်းတစ်စောင် ဖြစ်သော ‘Artificial Intelligence, Automation, and the Economy’ ထဲတွင် အနာဂတ် AI ှု စနစ်နှင့် မည်သို့အကျိုးရှိစွာ အသုံးချရန် ပြင်ဆင်ထားခြင်းကို အောက်တိုဘာလ ကတည်းက အစိုးရအား တင်ပြပြီးခဲ့ကြောင်း ရေးသားထားသည်။ ယင်းစာတမ်းထဲတွင် ၂၀၁၆ ခုနှစ် အကုန်၌ AI ကြောင့် အမေရိကန် စီးပွားရေးအပေါ် သက်ရောက်နိုင်သည့် အကြောင်းများကို ထည့်သွင်းရေးသား အကြံပြုထားသည်။ “ဒီပြောင်းလဲမှုက လူတစ်ဦးချင်းစီအတွက် အခွင့်အလမ်းတွေ အများကြီး ပေါ်လာမှာပါ။ အလားတူ စီးပွားရေး၊ လူမှုရေးတွေလည်း ပိုပြီး ပွင့်လင်းသွားမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ လတ်တလောတော့ လူသန်းချီပြီး ဒုက္ခရောက်ဖို့ ရှိတယ်” ဟု ပညာရှင်များက သုံးသပ်ထားသည်။ AI သည် အလုပ်လက်မဲ့ အရေအတွက်ကို တိုးပွားစေနိုင်သည်ဆိုစေ နိုင်ငံတော် စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအားကို ပိုပြီး အထောက်အကူ ပြုလာမည်ကို လက်ခံရမည် ဖြစ်ကြောင်း၊ လုပ်သားရှားပါးမှု၊ လုပ်ခလစာ ကြီးမြင့်စွာ ပေးနေရမှုများကို လျှော့ချနိုင်မည် ဖြစ်သလို၊ ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်မည့် အခွင့်အရေးများကိုလည်း ထည့်တွက်ရမည်ဖြစ်ကြောင်း AFP တွင် ရေးသားထားသည်။ Forrester သုတေသနအဖွဲ့ကလည်း လာမည့် ငါးနှစ်အတွင်း AI နည်းပညာဖြင့် တီထွင်ဖန်တီထားသည့် စက်များက အလုပ်အကိုင် ၆ ရာခိုင်နှုန်းတွင် အစားထိုး ဝင်ရောက်လာလိမ့်မည်ဟု ဖော်ပြထားသည်။ အိမ်ဖြူတော်သည် ၂၀၁၃ ခုနှစ် ကတည်းက အောက်စ်ဖို့ဒ်ကုမ္ပဏီ၏ အကြံပြုစာတမ်းတွင် ၄၇ ရာခိုင်နှုန်းခန့် အလုပ်လက်မဲ့ဖြစ်မည့် အရေးကို ဆက်ပြီး ဆွေးနွေးထောက်ခံထားသည်။ အလုပ်လက်မဲ့ ဖြစ်သွားမည့် သူများတွင် အတတ်ပညာ၊ နည်းပညာ မကျွမ်းကျင်ထားသည့် ပညာမဲ့သူများ ပိုပြီး ခံစားလာရဖွယ်ရှိကြောင်း AFP တွင် ဖော်ပြထားသည်။
Source : https://goo.gl/ijTZhq
via IFTTT
No comments:
Post a Comment