စုံညီခုံရုံးက အယူခံမှုအမှတ် (၂၂) နှင့် (၂၃) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း နေပြည်တော် ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်မှ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံထားရသူ ဦးပုန်ဘွေ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)အပေါ် ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးကိုကိုနိုင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၃၈/၂၀၁၅) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် တွင် ရွေးကောက်ပွဲ ခုံအဖွဲ့(၂)က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးကိုကိုနိုင်က ကျေနပ်မှု မရှိသဖြင့်အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၂၂/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။ ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲခုံအဖွဲ့၏ ၁၉-၉-၂၀၁၆ရက်နေ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်ကို အတည်ပြုပြီး အယူခံလျှောက်ထားသူ ဦးကိုကိုနိုင်၏ရွေးကောက်ပွဲ ကန့်ကွက်လွှာ အယူခံမှု အားစရိတ်နှင့်တကွ ပယ်ကြောင်း၊ တရားစရိတ်ငွေကျပ် - ၁၀၀၀၀ဝိ/(ကျပ်တစ်သိန်း)ကို အယူခံ လျှောက်ထားသူက အယူခံ လျှောက်ထား ခံရသူအား ပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိ ရသည်။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးတိုးရွှေ(ခ) ဒေါက်တာ တင်ဌေးအောင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးစိုးမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က လျှောက် ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု အမှတ်(၇/၂၀၁၅) ကို ၂၀၁၆ခုနှစ်၊စက်တင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၁)ကချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်) အား ဦးစိုးမောင်က ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အယူခံမှု အမှတ် (၂၃/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။ ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင် သည့်စုံညီခုံရုံးမှ မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးတိုးရွှေ(ခ) ဒေါက်တာ တင်ဌေးအောင်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံရခြင်းသည် တရားဝင် အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးမောင်၏ ကန့်ကွက် လျှောက်ထားလွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ချမှတ်ခဲ့သည့် မူလရွေးကောက်ပွဲ ခုံအဖွဲ့(၁)၏ ဆုံးဖြတ်ချက်ကို ဆက်လက် အတည်ပြုလိုက်ပြီး အယူခံ လျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့် တကွပယ်ကြောင်း၊ တရား စရိတ်ငွေ ကျပ်-၁၀၀၀၀ဝိ/ (ကျပ်တစ်သိန်း)ကို အယူခံ လျှောက်ထားသူက အယူခံ လျှောက်ထားခံရသူ အားပေးစေသည့် အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲ ခုံရုံးများမှဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုပေါင်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ အထိ (၄၃) မှုရှိပြီး အပြီးသတ် အမိန့်ချမှတ်ပြီး ယနေ့အထိ နိုင်ငံတော် ပြန်တမ်းတွင်ထည့်သွင်း ကြေညာ ခဲ့သော အမှုပေါင်းမှာ (၃၈) မှု ရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။ ( သတင်းစဉ် )
Source : http://ift.tt/2h3H2WI
via IFTTT
No comments:
Post a Comment