ကလက်တန်ဘတ်ဂျ်ကို ခေါ်ယူရန် တရုတ်ဆူပါလိဂ် စိတ်ဝင်စား ဒူဘိုင်း၊ ဒီဇင်ဘာ ၂၉ တရုတ်ဆူပါလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီသည် လိဂ်ပြိုင်ပွဲ အဆင့်အတန်းကို မြှင့်တင်ရန်အတွက် ထိပ်တန်းအဆင့် ဒိုင်လူကြီးများ ခေါ်ယူရန် ကြိုးပမ်းနေပြီ ဖြစ်ကာ တရုတ်ဆူပါလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ပစ်မှတ်များအနက်တွင် ထိပ်ဆုံးနေရာ၌ ရှိနေသည်မှာ ပရီးမီးယားလိဂ် ဒိုင်လူကြီး ကလက်တန်ဘတ်ဂျ် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။ ကလက်တန်ဘတ်ဂျ်သည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့၌ Globe Soccer Awards ဆုပေးပွဲ အခမ်းအနား တက်ရောက်ရန်အတွက် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ယင်းဆုပေးပွဲတွင် ကလက်တန်ဘတ်ဂျ်က တစ်နှစ်တာ အကောင်းဆုံး ဒိုင်လူကြီးဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။ Globe Soccer Awards ဆုပေးပွဲ အခမ်းအနားသို့ ရောက်ရှိလာခဲ့ကြသည့် တရုတ်ဆူပါလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီ တာဝန်ရှိသူများသည် ဆုပေးပွဲ အခမ်းအနား ပြီးဆုံးချိန်တွင် ကလက်တန်ဘတ်ဂျ်ကို သွားရောက်တွေ့ဆုံခဲ့ကြကာ လိဂ်ပြိုင်ပွဲသို့ ကမ္ဘာတစ်လွှားမှ ထိပ်တန်းကစားသမားများ ပြောင်းရွှေ့ရောက်ရှိလာချိန်တွင် လုပ်ပွဲဖန်တီးမှုကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် ထိပ်တန်းဒိုင်လူကြီးများ ခေါ်ယူရေးကို စီစဉ်လိုက်ရခြင်း ဖြစ်ပါကြောင်း တရုတ်ဆူပါလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။ ကလက်တန်ဘတ်ဂျ်သည် ၂၀၁၆ ခုနှစ် အတွင်း၌ အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲနှင့် ယူရို ၂၀၁၆ ဗိုလ်လုပွဲတို့ကို တာဝန်ယူခွင့် ရရှိခဲ့ကာ တရုတ်ဆူပါလိဂ်သို့ ကလက်တန်ဘတ်ဂျ် ပြောင်းရွှေ့ဖြစ်၊ မဖြစ်ကို အားကစားရေးရာ ကံစမ်းကုမ္ပဏီ လတ်ဒ်ဘရုခ်က ၂၅ လေးတစ်လေးဖြင့် ကြေးဖွင့်လှစ်မှုများ ရှိနေပြီ ဖြစ်သည်။ တရုတ်ဆူပါလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီသည် ကလက်တန်ဘတ်ဂျ်ကို ကမ္ဘာ့စံချိန်တင်လုပ်ခ တစ်ရပ်ဖြင့် မက်လုံးပေး စည်းရုံးဖွယ်ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး ၎င်းတို့အနေနှင့် လိဂ်ပြိုင်ပွဲ အဆင့်အတန်း တိုးတက်လာခြင်းနှင့်အတူ နိုင်ငံလက်ရွေးစင်အသင်း အောင်မြင်မှု ရစေရန် မူဝါဒများလည်း ချမှတ်ထားပြီ ဖြစ်ကြောင်း တရုတ်ဆူပါလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီက အသိပေးထားသေးသည်။
Source : https://goo.gl/dkU5Ko
via IFTTT
No comments:
Post a Comment