ဆင်အကောင်လိုက် ထိုင်းသို့ မှောင်ခိုပို့ တောင်ငူ၊ ဒီဇင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် တရားမဝင် သစ်ထုတ်လုပ်မှု လုပ်ငန်းများ ရပ်နားထားပြီးနောက် ပုဂ္ဂလိကပိုင် သစ်ဆွဲဆင်များကို ထိုင်းနိုင်ငံ နယ်စပ်မြို့များမှတစ်ဆင့် တရားမဝင် ပို့ဆောင် ရောင်းချနေကြောင်း တောင်ငူမြို့ခံ ဆင်လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။ သစ်ထုတ်လုပ်မှုများ ရပ်နားထားသည့် ၂ဝ၁၅ ခုနှစ်မှ စတင်ကာ ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ် အချို့တွင် ရာနှင့်ချီကာ ရှိခဲ့သော ပုဂ္ဂလိကပိုင် သစ်ဆွဲဆင်များကို တစ်ကောင်လျှပ် ကျပ်သိန်း ၅ဝဝ မှ ၈ဝဝ ကျော်ဖြင့် ထိုင်းနယ်စပ်မြို့များကို ရောင်းချခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယခင်က လုပ်ငန်း ပြောင်းလိုသူများက ပြည်တွင်းမှာသာ ရောင်းဝယ်သော်လည်း ထိုင်းဘက်သို့ ရောင်းချမှုမှာ ၂ဝ၁၆ခုနှစ် အစပိုင်းလောက်တွင် ထိုင်းနိုင်ငံဘက်က အလုံးအရင်းနှင့် ဝယ်ယူလာကြောင်း၊ ဆင်များကို ကရင်ပြည်နယ်မှ ကယားနယ်စပ် မယ်ဟောင်ဆောင် လမ်းကြောင်းနှင့် မြဝတီဘက် တောင်လမ်းများမှတစ်ဆင့် ဆင်များကို မောင်းသွင်း သယ်ဆောင်ကာ ရောင်းချနေကြောင်း သစ်ထုတ်လုပ်ငန်းများ မရပ်နားခင်အထိ ဆင်လုပ်ငန်း လုပ်ကိုင်ခဲ့သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။ တောင်ငူ၊ ရွှေကျင်နှင့် ကျောက်ကြီး မြို့နယ်များတွင် လွန်ခဲ့သော နှစ် ၇ဝ ကျော် အင်္ဂလိပ် လက်ထက်က စတင်ကာ မိရိုးဖလာ သစ်ထုတ်လုပ်ငန်းများတွင် အသုံးပြုရန် ဆင်များကို မွေးမြူ လုပ်ကိုင်ခဲ့ကြောင်း၊ တပ်မတော် အစိုးရလက်ထက် ပုဂ္ဂလိက သစ်ထုတ် လုပ်ငန်းများကို အလုံးအရင်းနှင့် ချထား လုပ်ကိုင်ခွင့် ပေးခဲ့ချိန်အထိ ဆင်လုပ်ငန်းများ ကောင်းမွန်ခဲ့သော်လည်း ၂ဝ၁၅ ခုနှစ် နောက်ပိုင်း သစ်ထုတ်လုပ်ငန်းခွင်များ ရှားပါးချိန်တွင် ဆင်ပိုင်ရှင် အချို့မှာ ဆင်လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းသူ လျော့နည်းလာကြောင်း တောင်ငူ ဆင် လုပ်ငန်းရှင် အချို့က ပြောကြားသည်။ တောင်ငူမြို့ အမှတ်၂ဝ နှင့် ၂၁ ရပ်ကွက်များတွင် လွန်ခဲ့သော ၁ဝ နှစ်ခန့်အထိ ဆင်လုပ်ငန်းရှင် ၁ဝဝ ကျော်နှင့် ဆင်ကောင်ရေမှာ ၅ဝဝ နီးပါးရှိကြောင်း၊ ပုဂ္ဂလိကပိုင် ဆင်များကို ထိုင်းနယ်စပ်မှတစ်ဆင့် ရောင်းချနေမှုများကို တားဆီးနိုင်ခြင်း မရှိပါက ဆင်ကောင်ရေမှာ လက်ချိုး ရေတွက်ရမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ရွှေကျင်မြို့ဘက်မှာ ဆင်လုပ်ငန်း လုပ်နေတဲ့သူတွေ ရှိသေးတယ်၊ အချို့ကျတော့လည်း သံယောဇဉ်ကြောင့် အိမ်မှာ တစ်ကောင်တလေ ထားတာမျိုး ရှိပေမယ့် အများစုကတော့ ပွဲစားလက် အပ်လိုက်ကြတာ များတယ်၊ တောင်ငူက ဆင်လေးပုံ သုံးပုံလောက်က ထိုင်းဘက် ရောက်သွားပြီ”ဟုလွန်ခဲ့သည့် တစ်နှစ်နီးပါးက စွယ်စုံ ဆင် နှစ်ကောင်ကို သိန်း ၅၆ဝ ကျော်ဖြင့် ရောင်းချခဲ့သော အမျိုးသား တစ်ဦးက ပြောဆိုသည်။ အလားတူ မြန်မာနိုင်ငံတွင်းမှ သတ်ဖြတ်ထားသော တောဆင်ရိုင်းများ၏ အရေခွံကို ရွှေလီ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေး ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် သုံးသိန်းဖြင့် ဝယ်ယူကြောင်း ဆင်ရေခွံ ရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။ ပုဂ္ဂလိကပိုင် ဆင်များကို ထိုင်းနိုင်ငံသို့ ရောင်းချပြီး ထိုင်းနိုင်ငံဘက်တွင် လေ့ကျင့် သင်ကြားကာ ထိုင်းပြည်တွင်းနှင့် ပြည်ပကို ပြန်လည် ရောင်းချကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ သုံးလေး ငါးကောင်အထိ ရောင်းချနေကြောင်း၊ ဆင်များကို တရုတ်ပြည် မိုင်းလားဘက်တွင် အကောင်လိုက်နှင့် အရိုးနှင့် အရေအစွယ်တို့ကို ရောင်းချပြီး ထိုင်းနိုင်ငံဘက်တွင် အကောင်လိုက် သီးသန့် ရောင်းချနေကြောင်း Save Elephant ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယခင်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ သစ်ထုတ်လုပ်ရေး လုပ်ငန်းပိုင် ဆင်ကောင်ရေ ၁ဝဝဝ ခန့်အထိရှိပြီး ပုဂ္ဂလိကပိုင် ဆင်ကောင်ရေ အတိအကျကို မပြောနိုင်ကြောင်း၊ ဌာနပိုင် ဆင်များကို သစ်လုပ်ငန်း ရှိနေသေးသော ကချင်ပြည်နယ်ဘက်သို့ ပို့ဆောင်ခြင်း၊ ပုဂ္ဂလိကပိုင်ဆင် များကို နယ်စပ်ထွက်ပေါက်မှတစ်ဆင့် ရောင်းချနေမှုမှာ တရားမဝင်ကြောင်း၊ ယင်းကဲ့သို့ ရောင်းချနေမှုကို တွေ့ရှိပါက သစ်တောဥပဒေဖြင့် အရေး ယူနိုင်ကြောင်း၊ သဘာဝ သယံဇာတနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ဌာန တစ်ခုမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။ ဆင်များ ပြည်ပသို့ တရားမဝင် ရောင်းချနေသည်ကို တားဆီးရန် ခက်ခဲနေကြောင်း၊ ပါဝင် ပတ်သက်နေသူများမှာ လက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ဖြစ်နေကြောင်း တောင်ငူခရိုင်အတွင်း ဆင်ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့ တစ်ခုမှ အမျိုးသား တစ်ဦးက ပြောကြားသည်။
Source : https://goo.gl/Wszkby
via IFTTT
No comments:
Post a Comment