Saturday, December 24, 2016

BBC Burmese

ဘာလင်မှာ တိုက်ခိုက် ခဲ့သူကို အသေ ဖမ်းဆီး ရမိပြီ ဂျာမနီ နိုင်ငံ ဘာလင်မြို့တော်က စျေးတန်း တစ်ခုမှာ တိုက်ခိုက် မှု ကျုးလွန် ခဲ့သူလို့ သံသယ ရှိရတဲ့ အားနိစ် အမ်မရီကို အီတလီ နိုင်ငံ မီလန် မြို့တော်မှာ အသေ ပစ်ခတ် ဖမ်းဆီး ရရှိ ခဲ့တယ် ဆိုပြီး အီတလီ ပြည်ထဲရေး ရုံးက ကြေညာပါတယ်။ အားနိစ် အမ်မရီ ကို အီတလီ ဒေသ စံတော်ချိန် မနက် ၃ နာရီ အချိန်လောက်က Sesto San Giovanni ဆိုတဲ့ အရပ်မှာ ခြေကျင် လျှောက်သွား နေတာကို ပတ္တရောင် ရဲ တွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက သူ့ကို ရပ်တန့်ခိုင်းပြီး ဘယ်သူဘယ်ဝါ ဆိုတာ မေးမြန်းတာနဲ့ ချက်ခြင်း ဆိုသလို အဲဒီသူက သေနတ် ဆွဲထုတ် လာခဲ့တဲ့ အတွက် အပြန်အလှန် ပစ်ခတ်မှု တွေ ပေါ်ပေါက် ခဲ့တယ် လို့ အီတလီ ပြည်ထဲရေး ဝန်ကြီး မာကို မင်နစ်တီက ပြောပါတယ်။ အားနိစ် အမ်မရီ ကို အသေ ရရှိ ခဲ့ပြီး ခရစ္စရှန် မိုဗီအို ဆိုတဲ့ ရဲ တစ်ဦးလည်း ပခုန်းမှာ ဒဏ်ရာ ရရှိ သွားပေမယ့် မစိုးရိမ် ရဘူးလို့ ဆိုပါတယ်။ ဘာလင် မြို့တော်မှာ တနင်္လာနေ့တုန်းက ခရစ္စမတ်စ် ပွဲစျေးတန်း တစ်ခုကို လော်ရီကား နဲ့ ဝင်တိုက် ခဲ့ပြီး လူ ၁၂ ဦး သေဆုံး ခဲ့တဲ့ အထိ ဖြစ်စေ ခဲ့တဲ့ လက်သည် ဟာ အခု သေဆုံး သွားတဲ့ အားနိစ် အမ်မရီ လို့ ယူဆ ထားကြတာ ဖြစ်ပါတယ်။ အဲဒီ ဘာလင် တိုက်ခိုက်မှုမှာ လူပေါင်း ၄၉ ယောက်လည်း ဒဏ်ရာ ရရှိ ခဲ့ရပါတယ်။ အားနိစ် အမ်မရီ ကို အသေပစ်ခတ် ရရှိခဲ့တဲ့ နောက် အီတလီ ဝန်ကြီးချုပ် Paolo Gentiloni က အီတလီ ရဲ တပ်ဖွဲ့ရဲ့ စွမ်းရည်ကို ချီးကျူး ပြောဆို ခဲ့ပြီး၊ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေးမှာ နိုင်ငံတွေ အားလုံး စုစည်း ညီညွတ်ဖို့ လိုတယ် လို့ လည်း ဆိုပါတယ်။ အီတလီရဲက ပစ်သတ် ဖမ်းဆီး ခဲ့သူဟာ ဘာလင် တိုက်ခိုက်မှုကြောင့် အလိုရှိနေတဲ့ အားနိစ် အမ်မရီ ဟုတ်မဟုတ် သေချာ စေဖို့ လက်ဗွေရာ စစ်ဆေးပြီး အတည်ပြု ခဲ့တယ်လို့ အီတလီ သတင်းဌာန တွေက ပြောပါတယ်။ သူတို့ တိုက်ဆိုက် စစ်ဆေး ကြည့်တဲ့ လက်ဗွေရာကတော့ ဘာလင် တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ လော်ရီကား ပေါ်ကနေ တွေ့ရှိ ထားတဲ့ လက်ဗွေရာ ဖြစ်ပြီး၊ လော်ရီကား ပေါ်က အဲဒီ လက်ဗွေရာ ဟာ အားနိစ် အမ်မရီ ရဲ့ လက်ဗွေရာ ဖြစ်တယ် ဆိုတာကို ဂျာမနီ အာဏာပိုင်တွေ အတည်ပြု ထားပြီး ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် အားနိစ် အမ်မရီ ဟာ တူနီးရှား နိုင်ငံသား ဖြစ်ပြီး၊ အီတလီ နိုင်ငံမှာ ပစ္စည်းတွေကို ဖျက်လိုဖျက်စီး လုပ်မှု၊ သူတပါး အပေါ် ခြိမ်းခြောက်မှု နဲ့ ခိုးမှု တွေ အတွက် ၂ဝ၁၁ တုန်းက ထောင် တစ်နှစ် ကျထားသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ဟာ အီတလီ အာဏာပိုင်တွေရဲ့ လူဆိုး မှတ်တမ်းထဲ ပါထားနှင့်သူ ဖြစ်ပါတယ်။ သူ ထောင်က ထွက်လာတော့ အီတလီ နိုင်ငံကနေ ပြည်နှင်ဒဏ် ပေးလိုက်တဲ့ နောက် ဂျာမနီ ကို ရောက်လာပြီး၊ ဂျာမနီမှာ အခုနှစ် ဧပြီ လ ကပဲ ခိုလှုံခွင့် လျှောက်ထား ခဲ့ပါတယ်။ ဘာလင် တိုက်ခိုက်မှု ကို ကျူးလွန်သူ အဖြစ် သံသယ ရှိရတဲ့ နောက်၊ ဂျာမနီ အာဏာပိုင် တွေက ယူရို တစ်သိန်း အထိ ဆုငွေ ထုတ်ထား ခဲ့ပါတယ်။ အခုလို အားနိစ် အမ်မရီ သေဆုံး သွားပြီ ဆိုတဲ့ သတင်းကြားရတဲ့ အခါ သူ့ကြောင့် ဘယ်လို အန္တရာယ်မျိုးမှ ဆက်မရှိ နိုင်တော့ဘူး ဆိုတဲ့ အသိကြောင့် စိတ်သက်သာရာ ရရတယ် လို့ ဂျာမနီ ပြည်ထဲရေး ဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ အသံဖိုင်ကို အောက်ကလင့်မှာ နားထောင် နိုင်ပါတယ်။
Source : http://bbc.in/2ikgmoV
via IFTTT

No comments:

Post a Comment