Friday, December 16, 2016

Eleven Media Group

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ဝေသည့် တောင်ယာခင်းနှင့် သွေးချင်းမျက်ရည် စာအုပ်ပါ အကြောင်းအရာအချို့နှင့်ပတ်သက်ပြီး နစ်နာကြေးကျပ်သိန်း ၅၀၀ ရလိုမှုဖြင့် မော်လမြိုင်ခရိုင်တရားရုံးတွင် တရားစွဲဆို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ဝေသည့် တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်စာအုပ်ပါ အကြောင်းအရာတချို့နှင့်ပတ်သက်ပြီး နစ်နာသူဟုဆိုသည့်ဘက်က နစ်နာကြေးကျပ် သိန်း ၅၀၀ ရလိုမှုဖြင့် မော်လမြိုင်ခရိုင်တရားရုံး၌ တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၁၅ ရက်က ပထမ ဆုံးရုံးချိန်းအဖြစ် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ “၈၈ မျိုးဆက်ကနေပြီးတော့ သွေးချင်းတို့ရဲ့ မျက်ရည်ဆိုပြီး စာအုပ်ထုတ်တယ်။ အဲဒီ စာအုပ်မှာဆိုရင် ကျွန်မတို့တရားခွင်ပြင်ပမှာ အမှုဖြစ်မယ်ဆိုရင် အမှုသည်တွေဆီက ထွက်ဆိုချက်တွေကိုအတည်ယူလို့ မရဘူးလေ။ အမှားအမှန်ဆိုတာကလည်း နှစ်ဖက်လုံးက မှန်တယ်ပြောမှာပဲ။ အခုတစ်ဖက်ရဲ့ ထွက်ဆိုချက်နဲ့ပဲ တရားလိုက ခြံမြေတွေကို မတရားကျူးကျော်ခဲ့တယ်ဆိုပြီးတော့ စာအုပ်ထုတ်တယ်။ အဲဒီအတွက်ကြောင့် လူမှုရေးအရ အသရေဖျက်မှုနဲ့ မစွဲဘဲနဲ့ နစ်နာကြေးရလိုမှုနဲ့ ပဲစွဲခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဂုဏ်သိက္ခာကို ကာကွယ်လိုတဲ့ဆန္ဒနဲ့ပါ။ ၈၈ မျိုးဆက်က စာအုပ်ကို ဖြန့်ချိရုံတင်မကဘူး သူတို့ရဲ့ စာအုပ်ကိုထပ်ပြီးတော့ မည်သူမဆို ကူးယူဖြန့်ချိနိုင်တယ်ဆိုပြီးတော့ ထပ်ဖြန့်တယ်။ အဲဒီအပေါ် တရားလိုအနေနဲ့ များစွာနစ်နာတယ်ဆိုပြီးတော့ ဒီအမှုကိုစွဲဆိုတာဖြစ်ပါတယ်” ဟု ယင်းအမှုနှင့် ပတ်သက်ပြီး တရားလိုဖြစ်သူ ဦးရန်လင်းအောင်ဘက်မှ အကျိုးဆောင်ရှေ့နေဖြစ်သူဒေါ်ပန်းအိဖြူက ပြောကြားသည်။ “ကျွန်မတို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကနေပြီးတော့ လယ်ယာစီးပွားဌာနက ထုတ်ဝေတဲ့ တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်စာအုပ်ပါ အချက်အလက်တွေကြောင့် တရားလိုက လူမှုရေးအရ နစ်နာကြေးကျပ်ငွေသိန်း ၅၀၀ ရလိုမှု၊ တရားမမှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒါကို ပထမဆုံးရုံးချိန်းအနေနဲ့ လာရောက်တာ ဖြစ်ပါတယ်။ တရားစွဲခံထားရတာက ၈၈ မျိုး ဆက် ငြိမ်း/ပွင့် က လယ်ယာစီးပွားဌာနက ကိုထွန်းမြင့်အောင်ရယ်၊ ကိုမျိုးသက်ရယ်၊ ကျွန်မဒေါ်နုနုသက်ရယ်ကို အဓိကထားပြီး တရားစွဲထားတာပါ။ လာမယ့် ဒီဇင်ဘာ ၂၈ ရက်ကို ရုံးချိန်းထပ်ချိန်းလိုက်ပါတယ်” ဟု တရားစွဲဆိုခံထားရသူ ၈၈ မျိုးဆက် ငြိမ်း/ပွင့် လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာန ဒုတာဝန်ခံ (၂) ဖြစ်သူဒေါ်နုနုအောင် က ပြောကြားသည်။ “အခုစာအုပ်ထဲမှာပါတဲ့ ကိစ္စကလည်း ကိုထွန်းမြင့်အောင်ကိုယ်တိုင်ကွင်းဆင်းပြီးတော့ အချက်အလက်တွေရယူပြီးတော့ ဒေသခံတွေနဲ့ သေချာတွေ့ပြီးတော့မှ ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ရေးသားထားတာပါ။ အဲဒီတုန်းက ဖြစ်စဉ်တွေကို အဲဒီအချိန်က ဝန်ကြီးချုပ်ဆီကိုလည်း ပို့ခဲ့ပါတယ်။ စာအုပ်ထဲမှာမွန်ပြည်နယ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အချက်အလက်တွေ အသေးစိတ်ရေးပြီးပေးခဲ့တယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းနိုင်အောင်လို့လုပ်တယ်။ အဓိကပြဿနာက ဌာနဆိုင်ရာတွေက မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်မဖြေရှင်းခြင်းမှာ နောက်ဆက်တွဲပြဿနာတွေကို ဆက်လက်ရင်ဆိုင်ရတာဖြစ်ပါတယ်” ဟုဒေါ်နုနုအောင်က ပြောကြားသည်။ “အရှေ့က လယ်တောကသံဆိုတဲ့ စာအုပ်မှာဆိုရင်လည်း လယ်ယာမြေကိစ္စတွေကို စာရင်းဇယားတွေနဲ့ ဖော်ပြထားတာရှိပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကို ဦးတည်တာမျိုး မဟုတ်ဘဲနဲ့ ဌာနဆိုင်ရာဆိုရင် လည်းပါတယ်။ တပ်သိမ်းမြေဆိုရင်လည်း ပါတယ်။ နာမည်ကြီးသူဌေးတွေ သိမ်းထားတာလည်းပါတယ်။ အကုန်စာရှင်း ဇယားပြုစုပြီးတော့ ဖော်ပြတယ်။ အဓိကက တစ်ဦးတစ် ယောက်ကိုနစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိဘူး” ဟု ဒေါ်နုနုအောင်က ပြောကြားသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာက ၈၈ မျိုး ဆက် ငြိမ်း/ပွင့်မှ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနက ထုတ်ဝေထားသော တောင်ယာခင်းနှင့် သွေးချင်းမျက်ရည် စာတမ်းစာမျက်နှာ ၁၀၅ ပါ ဖြစ်စဉ် ၇ တွင် ပါရှိသည့်မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု နေ ဒေါ်အေးရီ (ခ) ဒေါ်ငယ်သည် မိဘ ဘိုးဘွားအစဉ်အဆက်မှစ၍ ဥယျာဉ်ခြံမြေ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းအသက်မွေးဝမ်းကျောင်း ပြု လုပ်ကိုင်နေသောမြေ ဧရိယာဧက ၄၀ ခန့်ရှိပြီး တစ်ဆက်တည်းရှိသော တိုးချဲ့မြေဧရိယာ ၅၀ ဒသမ ၅ ဧကကို ခုတ်ထွင်ရှင်းလင်းကာ ၂၀၀၄-၂၀၀၅ ခုနှစ်မှစ၍ ရော်ဘာပင်များ စိုက်ပျိုးခဲ့ကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင်လည်း သက်ဆိုင်ရာမြေယာကော်မတီ၏ ထောက်ခံချက်နှင့်အညီ မြေတိုင်းခြင်း၊ မြေပုံဆွဲခြင်းများပြုလုပ်ပြီး အမှုတွဲ တည်ဆောက်ကာ မြို့နယ်မြေစာရင်းမှတစ်ဆင့် သက်ဆိုင်ရာသို့ အမှုတွဲပေးပို့လျှောက်ထားခဲ့ကြောင်း၊ ထိုသို့ ဒေါ်အေးရီက လုပ်ထုံးလုပ်နည်းများနှင့်အညီ စိုက်ပျိုးလုပ်ကိုင်နေစည့် မြေ ၅၀ ဒသမ ၅ ဧကကို ၂၀၀၇ ခုနှစ်တွင် သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက် အောင်ဆန်းလမ်းနေ ဦးရန်လင်းအောင်က ၎င်းလုပ်ကိုင်ခွင့်ရထားသည်ဟုဆိုကာ ဒေါ်အေးရီ စိုက်ပျိုးထားသော ရော်ဘာပင် ၃၅၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့မီးရှို့ဖျက်ဆီးသည့် ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာန အဆင့်ဆင့်သို့တိုင်ကြားခဲ့သော်လည်း အရေးယူခဲ့ခြင်းမရှိကြောင်း၊ ဦးရန်လင်းအောင်ပါ ငါးဦးက မြေလွတ်မြေရိုင်း ၁၇၄ ဧကလျှောက်ထားရာတွင် ဒေါ်အေးရီ လုပ်ကိုင်နေသော မြေပါသည်ဟုဆိုကာ အတင်းအဓမ္မ ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယခင်ဒေသခံများက မြေလွတ်မြေရိုင်း လျှောက်ထားရာတွင် မြေစာရင်းဌာနမှ လုပ်ကိုင်ခွင့်မပေးဘဲ ဦးရန်လင်းအောင်ပါ ငါးဦးအား လုပ်ကိုင်ခွင့် ချပေးခဲ့ခြင်းဖြစ်ကြောင်းဟူသော အကြောင်းအရာကြောင့် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့ထံမှ သိရသည်။ Writer: ဘိုဘိုမြင့်
Source : http://ift.tt/2h6Wl0Q
via IFTTT

No comments:

Post a Comment