Wednesday, December 28, 2016

The Voice

အက်ဖ်အေ၏ ဆုံးဖြတ်ချက်ကို ဗာဒီမျက်နှာဖုံး သုံးသောင်း ထားရှိ၍ လက်စတာ ဆန္ဒပြ လန်ဒန်၊ ဒီဇင်ဘာ ၂၇ လက်စတာ အသင်းသည် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ) စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အဲဗာတန်က လက်စတာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ယူသွားခဲ့သော ဘောက်ဆင်းဒေးနေ့ ပရီးမီးယား လိဂ်ပွဲစဉ်တွင် အိမ်ကွင်း ကင်းပါဝါရှိ ထိုင်ခုံများ၌ ဗာဒီမျက်နှာဖုံး သုံးသောင်းထားရှိ၍ ဆန္ဒပြသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။ ဗာဒီသည် စတုတ်စီးတီးနှင့် လက်စတာတို့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယား လိဂ်ပွဲစဉ်တွင် ပြိုင်ဘက် စတုတ်စီးတီး တိုက်စစ်မှူး ဒီအော့ဖ် ဘောလုံး ထိန်းထားသည်ကို ခြေစုံဝင်ဖျက်ထုတ်လုယူခဲ့သည့်အတွက် တိုက်ရိုက် အနီကတ်ပြသ ထုတ်ပယ်ခံခဲ့ရပြီး ယင်းပြစ်မှုအတွက် အက်ဖ်အေ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဗာဒီကို သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ထားပြီလည်း ဖြစ်သည်။ လက်စတာ အသင်းတာဝန်ရှိသူများသည် ဗာဒီ၏ အနီကတ်ပြစ်ဒဏ်ကို အယူခံ တင်သွင်းခဲ့သော်လည်း ယင်းအယူခံကို အက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ငြင်းဆန်ပယ်ချခဲ့ကာ ဗာဒီမှာ တရားမျှတမှု ကင်းမဲ့စွာ ဆက်ဆံခံခဲ့ရသည်ကို ပရိသတ်များ သိရှိစေလိုသည့်အတွက် ဘောလုံးကွင်း အတွင်းရှိ ထိုင်ခုံများတွင် ဗာဒီမျက်နှာဖုံးများကို ထားရှိပေးခဲ့ခြင်းဖြစ်ပါကြောင်း လက်စတာက ရှင်းပြထားသည်။ လက်စတာနည်းပြ ရာနီရေးရီသည် ပြိုင်ပွဲ ယှဉ်ပြိုင် ကစားရန်အတွက် ဥမင်လမ်းအတွင်းမှ ၎င်းထွက်လာချိန်တွင် ဗာဒီမျက်နှာဖုံးများကို မြင်တွေ့ခဲ့ရခြင်း မရှိသည့်အတွက် ယင်းကိစ္စကို မှတ်ချက်ပေးနိုင်လိမ့်မည် မဟုတ်ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆို ပြောကြားသွားခဲ့ကာ လက်စတာနှင့် အဲဗာတန်တို့ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်ကို မိသားစုဝင်များနှင့်အတူ အထူးတန်း ပွဲကြည့်စင်မှနေ၍ လာရောက် ကြည့်ရှုသွားခဲ့သော ဗာဒီကမူ ပွဲမစတင်မီတွင် အဆိုပါ မျက်နှာဖုံးကို ဝတ်ဆင်၍ ဆန္ဒပြမှုကို ပူးပေါင်း ပါဝင်သွားခဲ့သည်။ ဗာဒီသည် ပွဲပယ်ပြစ်ဒဏ်အရ ဝက်စ်ဟမ်း၊ မစ်ဒယ်ဘရော့တို့နှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယား လိဂ်ပွဲစဉ်များကို ဆက်လက် လွဲချော်ရလိမ့်မည်ဖြစ်ကာ လာမည့်ဇန်နဝါရီလ ၇ ရက်နေ့တွင် ဂွတ်ဒီဆင်ပါ့ခ် ဘောလုံးကွင်းသို့ သွားရောက်၍ အဲဗာတန်နှင့် ယှဉ်ပြိုင်ရမည့် အက်ဖ်အေ ဖလား တတိယအဆင့် ပွဲစဉ်သို့ရောက်မှသာ ဗာဒီက လက်စတာအတွက် ပြန်လည် ပွဲထွက် ကစားပေးခွင့်ကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။
Source : https://goo.gl/zRHJoX
via IFTTT

No comments:

Post a Comment