Sunday, January 21, 2018

7Day News Journal

အမေရိကန်၏ မဟာမိတ် ကာ့ဒ်စစ်အုပ်စုများကို တူရကီ လေတပ် ဗုံးကြဲ ကာ့ဒ်မျိုးနွယ်များ၏ စစ်အခြေစိုက် စခန်းများကို တူရကီ လေတပ်က ဗုံးကြဲခဲ့ပြီးနောက် အမေရိကန်နှင့် တူရကီတို့ကြား ဆက်ဆံရေး ပိုမိုတင်းမာလာဖွယ် ရှိနေကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်အနွယ်များ၏ စစ်စခန်းများကို ယခုသီတင်းပတ်ကုန်တွင် တူရကီ လေယာဉ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် YPGက အဆိုပါ တိုက်ခိုက်မှုအတွင်း ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကြေညာသည်။ YPGသည် ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများကို ချေမှုန်း တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများတွင် အမေရိကန်၏ အဓိက မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည်။ တူရကီနှင့် ကာ့ဒ်တို့သည် အစဉ်အလာအရ ရန်သူများသဖွယ် ရပ်တည်ခဲ့ပြီး YPG၏ အင်အားကြီးထွားလာမှုကို ဖြိုဖျက်ပစ်ရန် တူရကီ အစိုးရက လိုလားနေသည်။ ၎င်းတို့က YPGသည် ဆီးရီးယားနှင့် ထိစပ်နေသည့် နိုင်ငံတောင်ပိုင်း၊ အာဖရင် ဒေသတွင် လှုပ်ရှားနေသော အကြမ်းဖက် အုပ်စုတစ်ခုအဖြစ် ကြေညာထားသည်။ အာဖရင်နှင့် ဆီးရီးယား မြောက်ပိုင်းတွင် တူရကီလေတပ်က ဗုံးကြဲနေစဉ် အတောအတွင်း ရုရှားက ၎င်းတို့၏ တပ်များကို ခပ်ဝေးဝေးသို့ ရွှေ့ပြောင်းခဲ့သည်။ ရုရှားစစ်ဘက်က အဆိုပါ ဒေသတွင်း ပဋိပက္ခတွင် ဝင်မပါလိုကြောင်း မှတ်ချက်ပေးထားသည်။ ဆီးရီးယားကမူ ၎င်းတို့၏ ပိုင်နက်ထဲ ကျူးကျော်မှုနှင့် ကာ့ဒ်တို့အပေါ် ရက်စက်မှုအတွက် တူရကီကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့သည်။ မျက်မြင်များက တူရကီစစ်တပ်သည် အဆိုပါ ဧရိယာကို လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်နေပြီးနောက် ဇန်နဝါရီ ၂၀ တွင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်လာခြင်းဟု ပြောကြားခဲ့သည်။ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မက်ဗ်လတ် ကာဗူဆိုဂလူက ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆီးရီးယား အစိုးရ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ကြိုတင် အကြောင်းကြားထားကြောင်း ဆိုသည်။ ဆီးရီးယားဘက်ကမူ တူရကီက ကြိုတင် အသိပေးထားသည် ဆိုခြင်းကို ငြင်းဆိုခဲ့သည်။ အမေရိကန် အနေဖြင့်မူ ယခုကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းမျိုး မရှိသေးသော်လည်း တူရကီနှင့် သံတမန်ရေးရာ တင်းမာမှုများ ပိုမိုမြင့်တက်လာမည်မှာ သေချာသည်။ လတ်တလောတွင် ဆီးရီးယား လွတ်မြောက်ရေးတပ်ဟု နာမည်ပေးထားပြီး တူရကီ အစိုးရကို လိုလားသည့် ဆီးရီးယား သူပုန်တပ်ဖွဲ့ တစ်ခုကလည်း YPGတို့ တပ်စွဲထားရာ ယင်းဒေသသို့ စတင် ချီတက်နေပြီဟု သိရသည်။ YPGက တူရကီ၏ တိုက်ခိုက်မှုအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၆ ဦး သေဆုံးကာ နောက်ထပ် အရပ်သား ၁၃ ဦး ဒဏ်ရာ ရခဲ့ကြောင်း ထုတ်ပြန်သည်။ တူရကီ အစိုးရက ၎င်းတို့၏ တိုက်ခိုက်မှုအတွင်း အသေအပျောက်များ ရှိခဲ့သည်ကို လက်ခံသော်လည်း သေဆုံးသူ အားလုံးမှာ ကာ့ဒ်စစ်သွေးကြွများသာ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ YPGတို့သည် အိုင်အက်စ်ကို ချေမှုန်းသော စစ်ဆင်ရေးအတွင်း အမေရိကန်၏ အဓိက အကျဆုံး မဟာမိတ်များအဖြစ် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သည်။ တူရကီ အစိုးရကမူ ၎င်းတို့က အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ် ကြေညာထားသည့် PKK ကာ့ဒ်ပါတီ၏ လက်နက်ကိုင် ယူနစ်တစ်ခုအဖြစ်သာ YPGကို သဘောထားပြီး ရန်ပြု တိုက်ခိုက်လျက်ရှိသည်။ Ref: Bloomberg
Source : http://ift.tt/2Du9FLI
via IFTTT

No comments:

Post a Comment