Tuesday, January 23, 2018


မလေးရှား အတိုက်အခံများကို ညီညွတ်စေရန် မဟာသီယာ လုံး ပန်း သူက မလေးရှားနိုင်ငံကို သက်တမ်းအကြာဆုံး အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ် ဖြစ်ခဲ့ပါသည်။ ၂၀ ရာစု အာရှ၏ ပွင့်ပွင့်လင်း လင်းအပြောတတ်ဆုံး နိုင်ငံရေးခေါင်းဆောင်များထဲမှ တဦးလည်း ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ယခုအခါတွင် မဟာသီယာ မိုဟာမက် Mahathir Mohamad အနေဖြင့် ပြိုင်ဖက်ဖြစ်သွားသော တချိန်က လုပ်ဖော်ကိုင်ဖက် အတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင် Anwar Ibrahim နှင့် ပင် တွေ့ဆုံနိုင်ခြင်း မရှိတော့ပါ။ သူတို့ နှစ်ယောက်က တဘက်တည်းသို့ ပြန်ရောက်လာသော်လည်း သူတို့ ၂ ဦး ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားခြင်းကို ခွင့်ပြုပေးရန် ထောင်အာဏာပိုင်များက ငြင်းပယ်ခဲ့သည်။ တရားဝင် ခွင့်ပြုချက်တောင်းခံခြင်း မရှိသော ကြောင့် ဖြစ်ကြောင်း ပြောသည်ဟု အတိုက်အခံ ရှေ့နေတဦး ဖြစ်သည့် နူရူးအဇ်ဇာအန်နဝါ Nurul Izzah Anwar ၏ အဆိုအရ သိရသည်။ သူက အန်နဝါ အီဘရာဟင်၏ သမီးလည်း ဖြစ်သည်။ မလေးရှားနိုင်ငံ အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဇူကစ်ဖလီအိုမာ Zulkifli Omar က တွေ့ဆုံမှုသည် အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သည်ဟု အကြောင်းပြခဲ့သည်။ မလေးရှား အစိုးရကလည်း အကျဉ်းထောင် အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါသည်။ “ဒေါက်တာ မဟာသီယာမှာ အကျဉ်းထောင်ကို လာရောက်ဖို့ အတွက် တရားဝင် အကြောင်းပြချက်မရှိပါဘူး” ဟု ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးက သတင်းထောက်များကို ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အသက် ၉၂ အရွယ် မဟာသီယာကို Pakatan Harapan (မျှော်လင့်ချက် မဟာမိတ်) ၏ ဝန်ကြီးချုပ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။ သြဂုတ်လတွင် ကျင်းပရန် ရှိနေသော ပါလီမန် ရွေးကောက်ပွဲများတွင် အတိုက်အခံ မဟာမိတ်အဖွဲ့ အနိုင်ရရှိပါက ဝန်ကြီးချုပ် ဖြစ်လာမည် ဖြစ်သည်။ မဟာသီယာက အန်နဝါ အီဘရာဟင်၏ ထောက်ခံမှု ရရှိရန် ကြိုးစားနေခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အန်နဝါ အီဘရာဟင်ကို သဘာဝမဟုတ်သည့် လိင်မှုကိစ္စ စွပ်စွဲချက်များဖြင့် ဖမ်းဆီးထောင်ချခဲ့ပြီး အစိုးရက သူ့ကို မမှန်မကန် လုပ်ကြံစွပ်စွဲခြင်း ဖြစ်ကြောင်း သူက ပြောသည်။ စက်တင်ဘာလမှစ၍ ပုခုံး ဒဏ်ရာကြောင့် ဆေးရုံ တက်နေခဲ့ပြီး ဇွန်လတွင် ပြန်လည်လွတ်မြောက်ရန် ရှိသည်။ သူ လွတ်မြောက်ပြီးမှ ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင်ပင် ထောင်ကျနေခြင်းကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရရှိမည် မဟုတ်ပါ။ မဟာသီယာ အာဏာ ရှိစဉ်က သူ၏ ဒုတိယ ဝန်ကြီးချုပ် ဖြစ်ခဲ့သော အန်နဝါ အီဘရာဟင်နှင့် Democratic Action ပါတီ ခေါင်းဆောင် လင်မ်ကစ်ရှန် Lim Kit Siang တို့ အပါအဝင် အတိုက်အခံ ခေါင်းဆောင် အများအပြားကို ထောင်ချခဲ့သည်။ အစိုးရ ဝန်ကြီးများက အတိုက်အခံများကို သူတော်ကောင်းယောင် ဆောင်သည်ဟု စွပ်စွဲနေသည့် အချိန်တွင် အတိုက်အခံ ပါတီ အဖွဲ့အစည်း အချို့က သူတို့၏ ရန်သူဟောင်းဖြစ်သော မဟာသီယာကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုခြင်းအား ဆန့်ကျင်ခဲ့ကြသည်။ သို့သော်လည်း အကယ်၍ လက်ရှိ အစိုးရကို ဖယ်ရှားရန် အခွင့်အရေး တစုံတရာ ရရှိခဲ့မည် ဆိုလျှင် သူတို့ စည်းလုံးညီညွတ်မှုရသွားဖွယ်ရာ ရှိသည်။ မဟာသီယာကိုလည်း အပြည့်အဝ ကျောထောက် နောက်ခံ ပေးကြဖွယ် ရှိသည်။ မဟာသီယာသည် အာဏာရှင်ဆန်မှုများ ရှိခဲ့သော်လည်း မလေးရှားနိုင်ငံကို ပိုမို၍ ဒီမိုကရေစီ ဆန်အောင် ပြုလုပ်မည် ဆိုသည့် အတိုက်အခံတို့၏ ကတိများအတိုင်း ဆောင်ရွက်လိမ့်မည်ဟု အန်နဝါ အီဘရာဟင်၏ သမီးက ယုံကြည်သည်။ “တကယ်လို့ သူ အာဏာရခဲ့မယ်ဆိုရင် ကျမတို့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အကောင်အထည် ဖော်ဖို့ မဟာသီယာက (အတိုက်အခံပါတီများ၏) ခေါင်းဆောင်တွေကို ကတိပြုခဲ့ပြီး ဖြစ်ပါတယ်” ဟု နူရူးအဇ်ဇာ အန်နဝါက ပြောသည်။ ၂၀၁၅ ခုနှစ်တွင် လက်ရှိ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြည်သူပိုင်ငွေ ဒေါ်လာ ၇၀၀ ဝန်းကျင်ကို ခိုးယူအလွဲသုံးစား ပြုလုပ် ခဲ့သည်ဟု စွပ်စွဲခံခဲရသည့် ကြီးမားသော ဘဏ္ဍာရေး အရှုပ်တော်ပုံပေါ်ပေါက်ခဲ့ ပြီးနောက် တွင် မဟာသီယာက ပြောင်းလဲလာခဲ့သည်။ နာဂျစ်ရာဇတ်က ထိုငွေမှာ ဆော်ဒီအာရေးဗီးယား အလှူရှင် တယောက်ထံမှ လာခြင်း ဖြစ်ပြီး သူ တည်ထောင်ထားသည့် အစိုးရပိုင် အဖွဲ့အစည်းတခု ဖြစ်သော 1MDB မှ တဆင့်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ စွပ်စွဲ ပြောဆိုမှုများခံနေရသည့် 1MDB သည် အမေရိကန် တရားရေးဌာန အပါအဝင် နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှု အောက် တွင် ရှိနေဆဲ ဖြစ်သည်။ မဟာသီယာက နာဂျစ်ရာဇတ်ကို ဆန့်ကျင်ပြောဆိုမှု စတင်ပြုလုပ်လာချိန်တွင် အတိုက်အခံနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများက ကွာလာလမ်ပူမြို့တွင်း လမ်းပေါ်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြရာ မဟာသီယာလည်း ပူးပေါင်းပါဝင်ခဲ့သည်။ မလေးရှားနိုင်ငံတွင် အကြီးဆုံး ဖြစ်ပြီး လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၅၇ ခုနှစ်ကထဲက ရွေးကောက်ပွဲ ၁၃ ကြိမ်ကို ကျော်ဖြတ်၍ အာဏာကို ထိန်းသိမ်းထားနိုင်ခဲ့သော လက်ရှိ အာဏာရ United Malays National Organisation (UMNO) မှ မဟာသီယာ လမ်းခွဲထွက်လာခြင်းက သူ့ကို အာဏာပြန်လည်ရရှိစေရန်နှင့် တချိန်က သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများကို အတိုက်အခံနေရာသို့ ပထမဆုံးအကြိမ်အဖြစ် ပို့ပေးနိုင်ရန် အထောက်အကူ ပေးကောင်း ပေးနိုင်ပါလိမ့်မည်။ သို့သော်လည်း ရလဒ်က ထိုအတိုင်း ဖြစ်လာနိုင်ဖွယ်ရာ မရှိသည့် အသွင်ဖြစ်နေသည်။ မဟာသီယာကို အန်နဝါ အီဘရာဟင်နှင့် တွေ့ဆုံခွင့် ညင်းပယ်လိုက်ခြင်းက ရိုးသားမှုမရှိဟု အတိုက်အခံဖက်က မြင်သော လက်ရှိအနေအထားကို နောက်တကြိမ် သတိပေးလိုက်ခြင်း ဖြစ်သည်။ “ကျမတို့က အာဏာရှင်ဆန်တဲ့ မမျှတတဲ့ စနစ်တခုနဲ့ နှစ်ပေါင်းများစွာ အုပ် ချုပ်ခြင်းခံခဲ့ရပြီးပါပြီ” ဟု နူရူးအဇ်ဇာ အန်နဝါက ပြောသည်။ ၂၀၁၃ ခုနှစ် ကျင်းပခဲ့သည့် ပြီးခဲ့သော ရွေးကောက်ပွဲတွင် ထိုစဉ်က Pakatan Rakyat(ပြည်သူ့မဟာမိတ်) ဟု သိကြသည့် အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့က စုစုပေါင်းမဲ အရေအတွက်တွင် ၅၁ ရာခိုင်နှုန်း ရရှိခဲ့သော်လည်း ကိုယ်စားလှယ်နေရာ ၄၀ ရာခိုင်နှုန်းသာ ရအောင် အကွက်ဆင်ခြင်း ခံခဲ့ရသည်။ အကယ်၍ အကြောင်း တစုံတရာကြောင့် နာဂျစ်ရာဇတ်နေရာကို မဟာသီယာနှင့် အစားထိုးနိုင်ခဲ့ပါက သူက ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာပါလိမ့်မည်။ အသက် ၉၂ နှစ် ရှိပြီ ဖြစ်သော်လည်း စင်မြင့်ပေါ်တွင် စကားပြောရန်သော်လည်းကောင်း လမ်းများပေါ်တွင် လျှောက်သွား၍ ထောက်ခံသူများနှင့် တွေ့ဆုံရန်သော်လည်းကောင်း ပြဿနာ မရှိသေးပါ။ သူ့ကို အံ့အားသင့်စရာ ဖြစ်စေသည့် အခြားအကြောင်းအရာ အချို့လည်းရှိပါသည်။ ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိ အာဏာရှင်ဆန်သော ဝန်ကြီးချုပ် တယောက်အနေဖြင့် မဟာသီယာ အကောင်အထည်ဖော်ခဲ့သည့် ဥပဒေအများ အပြားက သူ ရာထူးပြန်လည်ရယူရေး ခက်ခဲစေလိမ့်မည် ဖြစ်သည်။ “အဲဒါက တော်တော်လေးတော့ ကမောက်ကမ နိုင်ပါတယ်။ လက်ရှိ အစိုးရက အလွန်အကျွံတွေ လုပ်နေတယ်လို့ အတိုက် အခံတွေ အပြစ်တင်နေကြတာတွေ အများစုက မဟာသီယာ စခဲ့တာတွေ ဖြစ်နေပါတယ်” ဟု British Columbia တက္ကသိုလ် နိုင်ငံရေး ဌာနမှ ပါမောက္ခတဦး ဖြစ်သည့် ကိုင်အော့စ်ဝေါ Kai Ostwald က ပြောသည်။ စီးပွားရေးအရ အောင်မြင်ခဲ့သော်လည်း မဟာသီယာ၏ ရာထူးသက်တမ်းကာလတွင် တိုင်းပြည်လူဦးရေ၏ ၆၈ ရာခိုင်နှုန်းဖြစ်သော လူများစု ဘူမိပူတြာ Bumiputera (မလေးလူမျိုး မွတ်ဆလင်) များကို အစိုးရ ကန်ထရိုက်များနှင့် အလုပ်နေရာများတွင် လူဦးရေ၏ ၂၃.၂ ရာခိုင်နှုန်းရှိသော တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသားများထက် ပို၍ ဦးစားပေးခဲ့ခြင်းကြောင့် လူမျိုးရေးကို ဦးစားပေးသည့် ဝါဒကျင့်သုံးသည်ဟု စွပ်စွဲမှုများနှင့် ကြုံခဲ့ရသည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲ တွင် တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသားတို့၏ မဲ အားလုံး နီးပါးက အတိုက်အခံဆီသို့ ရောက် ရှိသွားခဲ့ပြီး တရုတ်နွယ်ဖွားများ ပါဝင်သည့် Democratic Action ပါတီကို လက်ရှိ အာဏာရ UMNO ပြီးလျှင် ဒုတိယ အကြီးဆုံး ပါတီ ဖြစ်လာစေခဲ့သည်။ သို့သော်လည်း ထိုအောင်မြင်မှုက အတိုက်အခံ၏ ကျရှုံးမှုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ အတိုက်အခံသာ အနိုင်ရသွားပါ က တရုတ်နွယ်ဖွားတို့က ထိန်းချုပ်သွားလိမ့်မည်ဟု UMNO က ဝါဒဖြန့်နိုင်အောင် လုပ်ပေးလိုက်သလို ဖြစ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် အလယ်ပိုင်းလောက်ကစ၍ အန်နဝါ အီဘရာဟင် ထောင်ထဲရောက်သွားပြီး မလေးလူမျိုး များပြားသည့် ကျေးလက်ဒေသတွင် UMNO နှင့် မဲချင်းယှဉ်နိုင်သော Pan-Malaysian Islamic ပါတီကလည်း ပြည့်စုံမှုမရှိသည့် အတွက် အကွဲကွဲအပြားပြားဖြစ်နေသော အတိုက်အခံအနေဖြင့် အာဏာရရှိနိုင်ရေး ကျေးလက်ဒေသမှ မလေးလူမျိုးတို့၏ မဲများကို မည်သည့် အချိန်တွင်မှ မရနိုင်ဟု စိုးရိမ်မှုများ ပေါ်ပေါက်စေခဲ့သည်။ ကာလရှည်ကြာစွာ ဘေးရောက်နေခဲ့သော မဟာသီယာကို ရွေးကောက်ပွဲတွင် ရှေ့ဆောင်ပုဂ္ဂိုလ်အဖြစ် ထားလာခြင်းက အဓိကကျသည့် မလေးရှား မွတ်ဆလင်တို့၏ မဲကို ရယူရန် အတိုက်အခံတွင် စွမ်းဆောင်ရည် မရှိကြောင်း အသိအမှတ်ပြု ဝန်ခံလိုက်ခြင်း ဖြစ်သည်ဟု ကွာလာလန်ပူမှ လူထုစစ်တမ်းကောက်ယူသည့် အဖွဲ့တခု ဖြစ်သည့် Merdeka Centre ၏ အကြီးအကဲ အီဘရာဟင် စူဖီယန် Ibrahim Suffian က ဆိုသည်။ ( Nikkei Asian Reviews ပါ Simon Roughneen ၏ Mahathir struggles to unite Malaysia’s opposition ကို ဘာသာပြန်ဆိုသည်) The post မလေးရှား အတိုက်အခံများကို ညီညွတ်စေရန် မဟာသီယာ လုံး ပန်း appeared first on ဧရာဝတီ.
Source : http://ift.tt/2G5hV2q
via IFTTT

No comments:

Post a Comment