Tuesday, January 23, 2018


မွန်ပြည်သစ် နှင့် လားဟူ အဖွဲ့ NCA လက်မှတ် ထိုးမည်ဟု ကတိပြု မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ နေပြည်တော်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးပြီးနောက် ထိုသို့ ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု သိရ သည်။ နေပြည်တော် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC) ရုံးတွင် NMSP ကို ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်ခဲ့ပြီး LDU ကို ဥက္ကဋ္ဌ ကြာခွန်ဆာက ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့တွင် မကြာမီ NCA စာချုပ် လက်မှတ် ရေးထိုးမည်ဟု ယင်း ၂ ဖွဲ့ကိုယ်စား NMSP မှ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် နိုင်အောင်မင်းက သတင်း ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်ဟု ဆိုသည်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “လက်မှတ် ထိုးမယ့်ကိစ္စရယ်၊ လက်မှတ်ထိုးပြီးရင် ဆက်လုပ် ရ မယ့် Process တွေ ပေါ့နော်။ အဲဒီကိစ္စတွေ အပေါ်မှာ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ နှစ်ဦးနှစ်ဖက် ကျေနပ်အားရ မှု ရှိတယ်။ အဲဒီတော့ ခေါင်းဆောင်တွေက ဒီနေ့မှာပဲ သူတို့က တွေ့ပြီးတာနဲ့ လက်မှတ်ထိုးမယ် ဆိုတာကို သတင်းထုတ် ပြန်ချက် တခါတည်း ထုတ်တဲ့သဘော ပါ”ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ယင်း ၂ ဖွဲ့နှင့် NCA လက်မှတ် ရေးထိုးမည့် အခမ်းအနားကို အမြန်ဆုံး ကျင်းပမည် ဖြစ်ပြီး ငြိမ်းချမ်းရေး ကော်မရှင် (PC) က ယင်း ၂ ဖွဲ့ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ (DPN) အနေဖြင့် မဟုတ်တော့ဘဲ သီးခြား ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သိရသည်။ ဦးဇော်ဌေးက“ဘာဖြစ်လို့လဲ ဆိုတော့ ဒါပြီးရင် ကျနော်တို့က NCA ဆက်ထိုးမယ်။ ဒါပြီးရင် မွန်အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမယ့် ကိစ္စတွေ အဲ့ဒါတွေလည်း ကျနော်တို့ ဆွေးနွေးပါတယ်။ ပြောရရင်တော့ ဒီငြိမ်းချမ်းရေး Process မှာပေါ့။ ၂၁ ပင်လုံမှာ ဒီ ၂ဖွဲ့ ထပ်တိုးပြီး တော့ ပါလာတဲ့သဘောပါ”ဟု ပြောသည်။ ထို့အပြင် NCA ထိုးရန် ကျန်ရှိနေသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) တို့နှင့်လည်း တွေ့ဆုံနိုင်ရန် အစိုးရက ကမ်းလှမ်းထားပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့်လည်း ဆက်လက် တွေ့ဆုံ ရန် ရှိကြောင်း အတိုင်ပင်ခံရုံးမှ သိရသည်။ ယနေ့ NCA လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ခဲ့သည့် အဖွဲ့ ခေါင်းဆောင်များကို မီဒီယာများက မေးမြန်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆိုကြပြီး လက်ကိုင်ဖုန်းများသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ယနေ့တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များ အားလုံးကို ကြိုဆိုနိုင်သည့် အတွက် ဝမ်းသာကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် တဆင့်ပြီးတဆင့် သွားရာတွင် အဆင့်တိုင်းတွင် တန်ဖိုး ရှိကြောင်း၊ ယခုကိစ္စကို ပြည်ထောင်စုသား အားလုံး ဝမ်းမြောက် ဂုဏ်ယူနေလိမ့်မည် ဖြစ်ကြောင်း ပြောသည်။ “ဒီလို ကျမတို့ရဲ့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး အတွက် ပြည်ထောင်စု အတွင်းမှာ ငြိမ်းချမ်းရေး ရရှိရေးအတွက် ငြိမ်းချမ်း မှုကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကူညီပေးတဲ့ ကျမတို့ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ မွန် တိုင်းရင်းသားများ၊ လားဟူ တိုင်းရင်းသားများ အားလုံးကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျမတို့ အတွက်တင် လုပ်နေတာ မဟုတ်ပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ မွန်ပြည်သစ် နှင့် လားဟူ တို့၏ NCA ထိုးရန် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများသို့ သွားနိုင်ရန် အပစ်ရပ်ထားသည့် သဘောတူစာချုပ်ကို လက်မှတ် ထိုးထားခြင်းဖြင့် ၂ ဖက်စလုံးက ငြိမ်းချမ်းရေးကို အခွင့်ကောင်းယူ၍ အလွဲသုံးစား လုပ်မည်ကို စိတ်ပူရန် မလိုတော့ကြောင်း သီပေါမြို့နယ် အမတ်ဟောင်း ဦးရဲထွန်းက ပြောသည်။ “ဒီစာချုပ်က အခြေအနေတွေ အပေါ်မှာ အခွင့်ကောင်း မယူနိုင်အောင် ချုပ်ထားတဲ့ စာချုပ်ပဲ။ တိုင်းရင်းသားတွေ ဘက်က နယ်မြေ တိုးချဲ့တာတွေ၊ ဆက်ကြေး ကောက်တာတွေ၊ တပ်သားသစ် စုဆောင်းတာတွေ မလုပ်နိုင်သလို တဖက်ကိုလည်း စောင့်ကြည့်လို့ ရတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို ရိုးရိုးသားသား သွားချင်ရင် NCA ထိုးရမှာပဲ”ဟုလည်း ၎င်းက ပြောဆို သည်။ The post မွန်ပြည်သစ် နှင့် လားဟူ အဖွဲ့ NCA လက်မှတ် ထိုးမည်ဟု ကတိပြု appeared first on ဧရာဝတီ.
Source : http://ift.tt/2DZKVYU
via IFTTT

No comments:

Post a Comment