ကယားပြည်နယ်အစိုးရမှ ငြိမ်း၊ စု၊ စီ ပုဒ်မဖြင့် ဖမ်းဆီးခြင်းခံထားရသူ သုံးဦးအား အမှုမှပလပ်ကာ ပြန်လွှတ်ပေး ကယားပြည်နယ်အစိုးရက ငြိမ်းချမ်းရေးကို ရှေ့ရှုကာ ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးအရေးယူခြင်း ခံထာရသည့် ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်ဘီထူးပါ သုံးဦးအား ယနေ့ (ဇန်နဝါရီလ ၂၃ ရက်) တွင် အမှုမှ ပလပ်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့် ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးက The Ladies News သို့ ပြောကြားသည်။ ပြီးခဲ့သည့် ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ တပ်သားသုံးဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရခြင်းကို ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြရာတွင် ခွင့်ပြုချက်ရယူခြင်း မရှိသဖြင့် ဦးဆောင်သူ လူငယ် ၅ ဦးကို အစိုးရက ငြိမ်း၊ စု၊ စီ ပုဒ်မဖြင့် ဖမ်းဆီးခံရခြင်းကို ဝန်းရံသည့် အနေဖြင့် ထပ်မံဆန္ဒပြခဲ့ခြင်းကြောင့် ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်ဘီထူး၊ ကရင်နီ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခွန်သူရန်နှင့် ခွန်အသန်းတို့ကို ငြိမ်း၊ စု၊ စီ ပုဒ်မဖြင့် ထပ်မံဖမ်းဆီးခဲ့သည်။ `လူငယ်ငါးဦးကို အစိုးရက တရားစွဲတယ်၊ အဲဒီ ၅ ဦးကို ကျွန်တော်တို့က ဝိုင်းရံတဲ့အနေနဲ့ ပြီးခဲ့တဲ့ ၅ ရက်နေ့မှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့တယ်။ ဆန္ဒပြပွဲလုပ်တဲ့အတွက် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ နဲ့ တရားစွဲတယ်။ ၁၉ ရက်နေ့မှာ ရုံးတင်တယ်။ ၂၃ ရက် ရုံးပြန်ချိန်းတဲ့အချိန်မှာ အစိုးရဘက်ကနေပြီးမှ ပြည်နယ်ရဲ့ငြိမ်းချမ်းရေးကို ရှေ့ရှုသောအားဖြင့် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ကို ပလပ်လိုက်ပြီး ကျွန်တော်တို့ သုံးယောက်ကို ပြန်လွှတ်လိုက်တယ်´ ဟု ခွန်ဘီထူးက ပြောကြားသည်။ ကယားပြည်နယ်အစိုးရနှင့် ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထွန်းအပါအဝင် ဆန္ဒပြပွဲကို ဦးဆောင်သူများသည် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ `ကျွန်တော်တို့ တောင်းဆိုတာက ပြည်နယ်အစိုးရအနေနဲ့ တပ်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အမှုကိုတော့ ကျွန်တော်တို့ နားလည်တယ်။ ပြည်နယ်အစိုးရ စီရင်ပိုင်ခွင့်မရှိဘူး။ အရပ်ဖက်တရားရုံးမှာ တရားတရာစီရင်လို့ မရပေမယ့် ကျွန်တော်တို့ နားလည်တာက ပြည်နယ်အစိုးရအနေနဲ့ ဒါကို တာဝန်ခံမှု တာဝန်ယူမှုနဲ့ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရေးယူ အပြစ်ပေးမှုအားလုံးကို ပြည်သူတွေအားလုံး သိရှိအောင် ထုတ်ပြန်ပေးဖို့ လိုသလို ကောလာဟလ တွေကိုလည်း အစိုးရဘက်က အမြန်းဆုံး အဆုံးသတ်နိုင်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့က တောင်းဆိုထားတယ်´ ဟု ခွန်ဘီထူးက ပြောကြားသည်။ ပြည်နယ်အစိုးရအနေဖြင့် လိုက်လျောရန် ဆန္ဒရှိပါက ၎င်းတို့ဘက်မှလည်း ဆန္ဒပြပွဲများကို ရပ်ဆိုင်းမည် ဆိုသည့် သဘောတူညီချက်ကို ရရှိထားသည်ဟု ခွန်ဘီထူးက ပြောကြားသည်။ `အကယ်၍ ပြည်နယ်အစိုးရဘက်က လိုက်လျောဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းပါ့မယ်ဆိုပြီးတော့ သဘောတူညီမှု ရထားတယ်။ ကျွန်တော်တို့ လွတ်လာတဲ့ အတွက်ကို ဝမ်းသာသလို၊ အစိုးရဘက်လည် ကတိပေးတဲ့အတွက် ကျွန်တော်တို့ဝမ်းသားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကတော့ ကတိအတိုင်းကို စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်´ ဟု ၎င်းကပြောကြားသည်။ ငြိမ်း၊ စု၊ စီ ပုဒ်မဖြင့် ထောင်ဒဏ် ရက် ၂၀ ကျခံနေရသော ကနီလူငယ် ငါးဦးသည် ဇန်နဝါရီလ ၂၄ ရက် (မနက်ဖြန်) တွင် ရက် ၂၀ ပြည့်မည်ဖြစ်သောကြောင့် လွတ်မြောက်လာတော့မည် ဖြစ်သည်။ ပုံစာ - ကရင်နီလူငယ်များ ဆန္ဒပြစဉ်က အောင်ရဲနောင် The Ladies News
Source : http://ift.tt/2n45M5h
via IFTTT
No comments:
Post a Comment