ရော့ခ်အဆိုတော် တွမ်ပက်တီ ဆေးလွန်ပြီးသေဆုံးခဲ့ဟု မိသားစုက ထုတ်ပြန် အမေရိကန်ရော့ခ်အဖွဲ့ Tom Petty and the Heartbreaker ၏ခေါင်းဆောင် အဆိုတော်တွမ်ပက်တီသည် နာမကျန်းမှုအတွက် အကိုက်အခဲပျောက်ဆေးမျိုးစုံပါဝင်သည့် ဆေးဝါးမျိုးစုံသုံးခဲ့မှုကြောင့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ရုတ်တရက်ဆေးလွန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ မိသားစုနှင့် လော့စ်အိန်ဂျလိစ် သေမှုသေခင်းစုံစမ်း စစ်ဆေးရေးဌာနက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၆၆ နှစ်အရွယ်ရှိ ပက်တီ၏ အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ရာတွင် Fentany ၊ oxycodone ၊ temazepam နှင့် အခြားဆေးဝါးများကို တွေ့ရှိခဲ့သည်ဟု အလောင်းခွဲစိတ်စစ်ဆေးသည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၎င်းသေဆုံးမှုသည် ၂၀၁၆ ခုနှစ်တွင် အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် အဆိုတော်ပရင့်စ် သေဆုံးခဲ့ပုံနှင့် ဆင်တူကြောင်း မှုခင်းဆေးပညာရှင်များက ပြောကြားခဲ့သည်။ “တွမ်က အဆုတ်လည်းမကောင်းဘူး။ ဒူးနာပြီးတင်ပါးဆုံရိုးအက်တာ အပါအဝင် ပြင်းထန်တဲ့နာမကျန်းမှုတွေကို ခံစားခဲ့ရတယ်” ဟု တွမ်၏ဇနီး ဒါနာနှင့် သမီး အန်ဒီရာက Tom Petty and the Heartbreaker အဖွဲ့၏ Facebook တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တွမ်ပက်တီသည်အဖွဲ့၏ ဂီတသက်တမ်း နှစ် ၄၀ ပြည့် ဖျော်ဖြေပွဲခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး မကြာမီ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ဖျော်ဖြေပွဲခရီးစဉ်အတွင်း ပက်တီသည် တင်ပါးဆုံရိုးအက်သည့်အခြေအနေပိုမိုဆိုးရွားလာသည်ဟု ၎င်း၏ မိသားစုဝင်များက ပြောကြားခဲ့သည်။ ပက်တီသည် American Girl ၊ I Won’t Back Down နှင့် Ferr Fallin Petty စသည့် သီချင်းများဖြင့် အောင်မြင်ခဲ့ပြီး ဂီတသက်တမ်းတစ်လျှောက်တွင် အယ်လ်ဘမ်ချပ်ရေ သန်း ၈၀ ကျော် ရောင်းချနိုင်ခဲ့သည်။ ပက်တီသည် ဂျွန်နီကက်ရှ၊ ဘော့ဒီလန်၊ စတိဗ်နစ်၊ ဂျော့ခ်ျဟာရီဆင် အပါအဝင် ထင်ရှားသည့်အဆိုတော်များနှင့်လည်း ဂီတအလုပ်များကို ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသည်။ ဂရမ်မီဆု သုံးဆုရရှိခဲ့သည့် အဆိုတော်ဂီတာသမားတွမ်ပက်တီက ၎င်းဘဝ၏ အချိန်အတော်များများကို စိတ်ဓာတ်ကျခြင်းနှင့် ရုန်းကန်ခဲ့ရကြောင်း နှင့် ၎င်းသည် တစ်ချိန်က ဘိန်းဖြူစွဲခဲ့ဖူးသည်ဟု ဖွင့်ဟပြောကြားခဲ့ဖူးသည်။
Source : http://ift.tt/2Bhexy1
via IFTTT
No comments:
Post a Comment