မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်သူ တစ်ဦးကို အင်ဒိုရဲတပ်ဖွဲ့ ဖမ်းဆီး အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ သံသယ တရားခံ၏ လက်ထဲတွင် ဗုံးပြုလုပ်ရန် လိုအပ်သော ပစ္စည်းအများအပြားကိုပါ တစ်ပါတည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းသည် လာမည့်လတွင် မြန်မာသံရုံးကို ဗုံးခွဲရန်နှင့် အခြားသော အစိုးရ အဆောက်အအုံများကိုပါ တိုက်ခိုက်ရန် စီစဉ်ထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ဖမ်းဆီးခံရသူ၏ အမည်မှာ ရီယို ပရီယတ်နာ ဝီဘာဝါဖြစ်ပြီး အသက် ၂၃ နှစ်ရှိပြီဟု သိရသည်။ ၎င်းသည် အိုင်အက်စ် စစ်သွေးကြွများကို ထောက်ခံသည့် အင်ဒိုအခြေစိုက် အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့ဝင် တစ်ဦးဟု ယုံကြည်ရသည်။ ဒေသခံ မီဒီယာများ၏ အဆိုအရ ၎င်းထံမှ သိမ်းဆည်းရမိသည့် ဖောက်ခွဲရေး ပစ္စည်းအားလုံးကိုသာ အသုံးပြုခဲ့မည် ဆိုပါက ၂၀၀၂ ခုနှစ်က ဖြစ်ပွားသည့် လူပေါင်း ၂၀၂ ဦး သေဆုံးသော ဘာလီဗုံးဖောက်ခွဲမှုထက် ပြင်းအားနှစ်ဆ ပိုများနိုင်ကြောင်း သိရသည်။ ဝီဘာဝါသည် တက္ကသိုလ်တွင် စိုက်ပျိုးရေးသိပ္ပံ ဘာသာရပ်ကို သင်ယူခဲ့ပြီး လတ်တလောတွင် အလုပ်လက်မဲ့ ဖြစ်နေသူဟု ဆိုသည်။ ၎င်းသည် ဗုံးလုပ်နည်းများကို ကိုယ်ပိုင် အစီအစဉ်များဖြင့် စုံစမ်း သင်ယူခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ဒေသအချို့သို့ ဖောက်ခွဲရေး ပစ္စည်းများကို ဖြန့်ဝေပေးပို့ရန် စီစဉ်ထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဘွိုင်ရက်ဖ်လီ အေမာက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ အင်ဒိုသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အိုင်အက်စ်နှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းတို့အနက် အဆိုးရွားဆုံးအဖြစ် ဇန်နဝါရီက ဂျကာတာတွင် သေနတ်များ၊ ဗုံးများဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားရာ လူ ၄ ဦး သေဆုံးခဲ့သည်။ အင်ဒိုသည် ကမ္ဘာပေါ်တွင် မွတ်ဆလင် အရေအတွက် အများဆုံး နေထိုင်သည့် နိုင်ငံကြီးတစ်ခုဖြစ်ရာ အိုင်အက်စ်တို့၏ အစွန်းရောက် အစ္စလာမ်မစ် ဝါဒီများ စိမ့်ဝင်လာမည်ကို အာဏာပိုင်များက စိုးရိမ်လျက်ရှိသည်။ ဂျကာတာရှိ မြန်မာသံရုံး ရှေ့မှောက်တွင် နိုဝင်ဘာ ၂၅ ရက်ကလည်း ဘင်္ဂါလီအရေးနှင့် ဆက်စပ်၍ ဆန္ဒပြမှုများ နိုဝင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့ရာ လုံခြုံရေးအဆင့် မြှင့်တင် သတ်မှတ်ထားသည်။ Ref: CNA
Source : http://ift.tt/2gfoCCg
via IFTTT
No comments:
Post a Comment