Wednesday, November 23, 2016

The Voice

အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်သူကို သေဒဏ်အမိန့်ချ ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဆူးလေဘုရားလမ်းရှိ ခုံးကျော်တံတားအောက်တွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ကာ အလောင်း စွန့်ပစ်ခဲ့သောအဖွဲ့မှ အာမင်း(ခ)ဝင်းဇော်ထွန်းကို ယနေ့ (နိုဝင်ဘာ ၂၃ ရက်) မွန်းလွဲ ၂ နာရီတွင် အနောက်ပိုင်းခရိုင် တရားရုံးက သေဒဏ်အမိန့် ချမှတ်ခဲ့သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ)/ ၃၄ဖြင့် အမိန့်ချမှတ်ခံရသူ အာမင်း(ခ) ဝင်းဇော်ထွန်းမှာ ၂၀၁၅ ခုနှစ် မေ ၃၀ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ၎င်းအပါအဝင် အမျိုးသားသုံးဦးက ဆူးလေခုံးကျော်တံတားအောက်တွင် အဓမ္မပြုကျင့်ခဲ့ပြီး ထုရိုက်သတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။ “ပြည့်တန်ဆာ အမျိုးသမီးဆီက မိုက်ကြေးခွဲ ဆက်ကြေးတောင်းယူတာ။ အမျိုးသမီးက ငွေထုတ်မပေးလို့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ထုရိုက်သတ်ဖြတ်ခဲ့ကြောင်း တရားလိုနဲ့ လိုပြ ခံပြသက်သေတွေရဲ့ ထွက်ဆိုချက်အရ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် သေဒဏ်အမိန့်ချမှတ်ခဲ့တာပါ၊ အမှုတွဲမှာ ပါတဲ့ ၁၆ နှစ်အောက် အမျိုးသား နှစ်ယောက်ကို ကလေးသူငယ်တရားရုံးမှာ တရားစွဲဆို စစ်ဆေးနေတယ်” ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အမိန့်ချမှတ်ခံရသူ အာမင်း(ခ) ဝင်းဇော်ထွန်းမှာ ဗိုလ်ချုပ်ဈေးနှင့် ပန်းဆိုးတန်း ခုံးတံတား အနီးတဝိုက်တွင် ပြည့်တန်ဆာများနှင့် အခြေအနေမဲ့နေထိုင်သူများအပေါ် မိုက်ကြေးခွဲ ဆက်ကြေးတောင်းယူနေသူတစ်ဦးဖြစ်ပြီး ယင်းပြစ်မှု မကျူးလွန်မီကလည်း ဗိုလ်အောင်ကျော်လမ်းတွင် မှုခင်းသတင်းထောက်တစ်ဦးကို ရိုက်နှက်ခဲ့သောကြောင့် ဖမ်းဆီးခံရပြီး အာမခံဖြင့် အပြင်သို့ ပြန်လည်ရောက်ရှိချိန် အမျိုးသမီးကို သတ်ဖြတ်မှုဖြင့် ထပ်မံ ဖမ်းဆီးခံရသူ ဖြစ်ကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်း သိရသည်။
Source : https://goo.gl/G7GtLN
via IFTTT

No comments:

Post a Comment