Wednesday, November 23, 2016

The Voice

ရန်ကုန်မြို့တော် တွင် ဈေးဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ပါဝင်သော ညဈေးတန်း စတင်ဖွင့်လှစ် ရန်ကုန်၊ နိုဝင်ဘာ၂၃ ရန်ကုန်မြို့တော် တွင် ဈေးဆိုင်ခန်းပေါင်း တစ်ထောင်ငါးရာကျော် ပါဝင်သော ည ဈေး တန်း တစ်ခုကို ကမ်းနားလမ်း (သခင်မြပန်းခြံ အနီးမှ ပန်းဆိုးတန်း ကမ်းနား အထိ) တွင် နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၆နာရီက စတင် ဖွင့်လှစ်လိုက်သည်။ ရန်ကုန်မြို့နေပြည်သူလူများ ဘဝအမော ပြေစေရန် ပထမဆုံး ညဈေးတန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး ဘေးကင်း လုံခြုံရေးအတွက် CCTV ၁၃၇ လုံးတပ်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ အဆိုပါ ညဈေးတန်းတွင် ရန်ကုန်မြို့တွင်းရှိ ပန်းဘဲတန်း ကျောက်တံတား လသာနှင့် လမ်းမတော်မြို့နယ်မှ လမ်းဘေး ဈေးသည် များကို ဦးစားပေး နေရာချထားပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ဆိုင်ခန်းများ နေရာချထားပေးသော နေရာများတွင် စည်းကမ်းတကျဖြင့် ရောင်းချရမည်ဖြစ်ကြောင်း ဈေးရောင်းချရန် နေရာအဖြစ် ကားပါကင်နေရာများကို သတ်မှတ်ကပေးထားကြောင်း၊ ဈေးရောင်းချမည့်သူများနှင့် ပြည်သူများအတွက် ရေပေးဝေရေးစနစ်များနှင့် အများပြည်သူ သုံးသန့်စင်ခန်း အလုံး ၄ဝကို ဆောက်လုပ် ပေးထားပြီး အမှိုက်သိမ်း စနစ်ကိုလည်း စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ညဈေးတန်း၌ ဈေးဆိုင်ခန်းတစ်ခန်းလျှင် ကျပ်တည်းမှု မရှိစေရန်အတွက် အကျယ်အဝန်း ရှစ်ပေ/လေးပေ နေရာချပေးထားပြီး ဈေးဆိုင်ခန်း တစ်ထောင်ကျော်ကို နေ့စဉ်မွန်းလွဲ၃နာရီမှ ညပိုင်း ၁၁နာရီ အထိ ဖွင့်လှစ် ရောင်းချခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်( ၅) ဒေါ်သန်းမြင့်အောင်က အသိပေးသည်။ “ဒီနေ့က ပထမဆုံးနေ့မို့ ဈေးရောင်းရတာ သိပ်အဆင်မပြေပါဘူး။ နောက်နေ့တွေမှာတော့ ရောင်းကောင်းမယ်လို့ ထင်ပါတယ် ”ဟု မြန်မာမုန့်များ ရောင်းချသူ ဒေါ်မိုးမိုးအေးက ဆိုသည်။ ကမ်းနားတစ်လျှောက်တွင် ညဈေးတန်းပြုလုပ်ရန် ယခင်အစိုးရ လက်ထက်ကတည်းက ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘဲ ယခုအစိုးရ လက်ထက်တွင် ညဈေးတန်း ပြုလုပ်နိုင်ရန် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။. “ညဈေးတန်းလိုမျိုး ဖွင့်လှစ်ထားတာ ပထမဆုံး လမ်းလျှောက်ဖူးတာပါ ညဈေးတန်းကို ဈေးသည်တွေအနေနဲ့ စည်းကမ်းစနစ်တကျ ဖွင့်လှစ်မယ်ဆိုတော့ ညဘက် လည်ပတ်မုန့်စားချင်တဲ့ သူတွေရော အရမ်းကောင်းတဲ့ အစီအစဉ်ပါ ”ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ဦးကျော်ညွှန့်က ပြောကြားသည်။
Source : https://goo.gl/yziDiu
via IFTTT

No comments:

Post a Comment