Tuesday, November 29, 2016


YBPC ကုမ္ပဏီ၏စာချုပ်ချုပ်ဆိုချက်များကို အလုပ်သမား၀န်ကြီးဌာနနှင့် ညှိနှိုင်းမည်ဟုဆို ရန်ကုန်၊နို၀င်ဘာ ၂၉ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ YBPC နှင့်စာချုပ်ချုပ်ဆိုရန် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ပတ်သက်ပြီး မျှတမှု ရှိ၊မရှိ အလုပ်သမား၊လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ညှိနှိုင်းမည် ဖြစ်ကြောင်း BRT-Lite ယာဉ်မောင်းများထံမှ သိရသည်။ “ယာဉ်မောင်းတွေ တောင်းဆိုထားတဲ့အချက်နဲ့ပတ်သက်ပြီး ဆွေးနွေးနေဆဲပါ။ကုမ္ပဏီဘက်က အတည်ပြုချက် မရသေးဘူး။ဘာလုပ်ပေးမယ်ဆိုတဲ့ တရား၀င်စာ တိတိကျကျ မထွက်လာသေးဘူး။ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ပတ်သက်ပြီး အလုပ်သမား၀န်ကြီးဌာနကို သွားပြီး တိုင်ပင်မှာ ဖြစ်တယ်”ဟု BRT-Lite ယာဉ်မောင်း တစ်ဦးက ဆိုသည်။ လက်ရှိ ယာဉ်မောင်းများ၏ ခံစားခွင့် အခွင့်အရေးများ တောင်းဆိုထားသည့်အချက် လေးချက်ထဲမှ တစ်ချက် ဖြစ်သည့် အများပြည်သူ ရုံးပိတ်ရက်တွင် အလုပ်ဆင်းသည့် ယာဉ်မောင်းများကို လုပ်အားခ အပိုဆုကြေးငွေ ပေးဆောင်မည်ဟု တရား၀င် စာထုတ်ပြန်ကြောင်း BRT-Lite ယာဉ်မောင်းများက ပြောကြားသည်။ “ပြီးခဲ့တဲ့ အမျိုးသားနေ့ကစပြီး လုပ်အားခ အပိုဆုငွေရတယ်။အရင် လတွေတုန်းက တစ်ခါမှ မရခဲ့ဘူး”ဟု BRT-Lite ယာဉ်လိုင်းတွင် ခုနစ်လခန့် မောင်းနှင်မှု သက်တမ်းရှိသည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။ ယာဉ်မောင်းများအနေနှင့် အာမခံပေးဆောင်ခြင်း၊ အချိန်ပိုင်း လုပ်အားခ အတိကျပေးဆောင်ခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သည်များ ကုသပေးခြင်းနှင့် ၀န်ထမ်းများထဲတွင် ပြစ်မှုတစ်စုံတစ်ခု ရှိပါက ဥပဒေဘောင်အတွင်းမှ တရားမျှတစွာ ဆောင်ရွက်ခြင်းများကို အောက်တိုဘာလကတည်းက တောင်းဆိုခဲ့ပြီး ဒုတိယအကြိမ် နို၀င်ဘာလ ၁၄ရက်က ထပ်မံ တောင်းဆိုထားခြင်းဖြစ်သည်။ ကုမ္ပဏီအနေနှင့် ၀န်ထမ်းများကို စနစ်ကောင်း တစ်ခုဖြင့် ရပိုင်ခွင့်များကို အပြည့်အ၀ ပေးထားခြင်းဖြစ်ပြီး တောင်းဆိုထားသည့် အချို့သည် စာချုပ်တွင် မပါခြင်းနှင့် လိုက်လျော်ပြီးသား အချက်များဖြစ်၍ အထူးလိုက်လျောပေးရန် မလိုအပ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC ဥက္ကဌ ဒေါက်တာမောင်အောင်က ပြောကြားသည်။ “တချို့အချက်တွေက စာချုပ်မှာပါတဲ့ အချက် မဟုတ်ဘူး။အာမခံကြေး ပေးဖို့ဆိုတာကလည်း လုပ်ပေးနေတဲ့ အရာပါပဲ။အခွင့်အရေးကို ရသမျှ လိုချင်နေလို့ မဖြစ်ဘူးလေ” ဟု ၎င်းက ဆိုသည်။ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC သည် ဖေဖော်၀ါရီလ ၇ရက်တွင် စတင်ပြေးဆွဲခဲ့ပြီး ယာဉ်မောင်း ၇၀ ကျော်ဖြင့် ခရီးစဉ်လမ်းကြောင်း သုံးခုကို ပို့ဆောင်လျက်ရှိသည်။
Source : https://goo.gl/xX3CI0
via IFTTT

No comments:

Post a Comment