Thursday, November 17, 2016

The Irrawaddy - Burmese Edition

ရခိုင်ကော်မရှင် ၂ ဘက် အသိုင်းအဝိုင်းခေါင်းဆောင်များနှင့် တွေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အဖွဲ့ ဝင်များသည် အသိုင်းအဝိုင်း ၂ ခုကြားမှ ပဋိပက္ခများ သင့်မြတ်မှုရရှိစေရေး အတွက် အားထုတ်မှု တခု အနေဖြင့် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ဘာသာရေး အသိုင်းအဝိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ၇ ဦးသည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ရောက်ရှိပြီး နောက် ပြည်နယ်အစိုးရ၊ ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ၊ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ သာလှရွှေ၏ ပြောဆိုချက်အရသိရသည်။ “ကျနော်တို့က ကော်မရှင်ရဲ့ တာဝန်နဲ့ဝတ္တရား အကြောင်းတွေကို ရှင်းပြခဲ့ပါတယ်။ ပြီးတော့ ဒေသခံတွေရဲ့ အကြံဉာဏ်ကိုလည်း တောင်းခံခဲ့ပါတယ်။” ဟု သူကပြောသည်။ ကော်မရှင်ခေါင်းဆောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန်မှာ ယခု ခရီးစဉ်တွင် လိုက်ပါလာခြင်း မရှိပေ။ ယမန်နေ့က ၎င်းတို့၏ ဝက်ဆိုက်တွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာတွင် “ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်မိကြောင်း ကျနော် ပြောကြားချင်ပါတယ်။ ဒီဖြစ်ရပ်က ပြည်နယ် အတွင်းမှာ တည်ငြိမ်မှုပြန်လည်ရရှိရေးကို အလွန်ထိခိုက်စေပြီးတော့ အိုးမဲ့အိမ်မဲ့တွေများပြားလာအောင် တွန်းပို့ပေးနေပါတယ်” ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လ အစောပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတခု တိုက်ခိုက်ခံခဲ့ရပြီးနောက် ရခိုင်ပြည်နယ် အတွင်းတွင် တကျော့ပြန် အကြမ်းဖက် တိုက်ခိုက်မှုများ ပြန်လည်ပေါ်ပေါက်ခဲ့ပြီး စစ်တပ်၏ စစ်ဆင်ရေးများ အတွင်းတွင် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ထုတ်ပြန်ထားသည်။ ပြည်ပရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများအတွင်း တရားလက်လွတ် သတ်ဖြတ်မှုများ ရှိကြောင်း သတင်းများ ပေါ်ထွက်လာခြင်းအပေါ် စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။ ယင်းသို့ တုတ်၊ ဓားမျှသာ ကိုင်ဆောင်ထားသော လူအုပ်ကို မကြာမီက မြန်မာ့တပ်မတော်အနေဖြင့် ရဟတ်ယာဉ် သုံးသည်အထိ အဘယ်ကြောင့် တုန့်ပြန် ကိုင်တွယ်ရသနည်း ဟု ဧရာဝတီက မေးမြန်းရာ သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက “နိုင်ငံတကာ အနေနဲ့လည်း ဒါမျိုးဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီးသူတို့မှာ အတွေ့အကြုံ ရှိပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ပြန်ကြည့်မယ်ဆိုရင် ကလေးနဲ့၊ မိန်းမတွေကို (လူသားဒိုင်း) ရှေ့မှာထားပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆောင်ရွက်တာဖြစ်တယ်”ဟု လတ်တလော မောင်တောတွင် ရင်ဆိုင်နေရမှုကို နှိုင်းယှဉ်ပြောဆိုသည်။ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်ကလည်း ကော်မရှင်၏ ခရီးစဉ်တွင် မောင်တောမြို့နယ်မှ လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခ နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြရာ စစ်တွေမြို့တွင် သူတွေ့ဆုံခဲ့ရသည့် မွတ်ဆလင် အသိုင်းအဝိုင်းက မောင်တောမြို့နယ်တွင် ဖြစ်ပွားလျက်ရှိသည့် အစွန်းရောက်များ၏ အကြမ်းဖက် တိုက်ခိုက်မှုများအား လက်မခံဟု ပြောဆိုခဲ့ကြောင်း ပြောပြသည်။ မောင် တောမြို့နယ်မှ လူနည်းစု ဗုဒ္ဓဘာသာဝင်များက ယင်းတို့၏ စိုးရိမ်ကြောင်းကြမှုကို ထုတ်ဖော်ပြောဆိုကြသည်။ တပ်မတော်၏ စစ်ဆင်ရေးအတွင်း ပိတ်ဆို့ရှာ ဖွေမှုကို မွတ်စလင်ရွာသားများက အဟန့်အတားများ ဖြစ်အောင် ဆောင်ရွက်ချက်မှာ (လမ်းမပေါ်တွင် သစ်ပင်များခုတ်လှဲခြင်း) နှစ်ဖက်အသိုင်းအဝိုင်း၏ လွတ်လပ်လာစွာ သွားလာမှုကို အနှောင့်အယှက် ဖြစ်စေကြောင်း ဦးအေးလွင်ကဆိုသည်။ ကနဦးလေ့လာမှုများ အရ ငြိမ်းချမ်းရေး မရှိလျှင် စီးပွားရေးတိုးတက်ရန် မဖြစ် နိုင်ဆိုသည့် အချက်ကို ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုင်းအဝိုင်း ၂ ခုလုံးက လက်ခံနားလည်ထားပြီး၊ အတူတကွငြိမ်းချမ်းနေထိုင်ရန် စိတ်ဆန္ဒ ရှိနေသည်ကို ထုတ်ဖော်ပြောဆိုခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ဦးအေးလွင်က ဧရာဝတီသို့ ပြောပြသည်။ နိုင်ငံမဲ့ မွတ်ဆလင်များကို မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ပြီး နိုင်ငံသား စိစစ်ခံယူခွင့်ကတ် (NVC) များ ထုတ်ပေးသည့် အစိုးရ၏ စီမံကိန်းကို ထောက်ခံကြောင်း၊ ယင်းနောက် ၎င်းတို့အား ပိုမိုလွတ်လပ်စွာခရီးသွားလာခွင့်ကို အများနည်းတူပေးရန် ထောက်ခံကြောင်း ဗုဒ္ဓ ဘာသာ အသိုင်းအဝိုင်း ခေါင်းဆောင်များက ပြောကြားခဲ့ကြသည်ဟု သူက ပြောသည်။ မွတ်ဆလင် ဘာသာရေးနှင့် အသိုင်းအဝိုင်း ခေါင်းဆောင်များကမူ စစ်တပ်၏ စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် အမျိုးသမီး နှင့် ကလေးငယ်များကို ကာကွယ်ပေးရန် လိုအပ်ကြောင်းနှင့် နိုင်ငံမဲ့ မွတ်စလင်များက ၎င်းတို့အား အစိုးရက သီးခြား NVC ကတ်များ ထုတ်ပေးခြင်းသည် အပြင်လူများအဖြစ် သတ်မှတ်သကဲ့သို့ ဖြစ်နေသည်ဟု ယူဆကြောင်းကို ပြောကြားခဲ့ကြသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်မှ မွတ်ဆလင် အများအပြားသည် မှတ်ပုံတင်ကတ် (၃ ခေါက်ချိုးကတ်) များ ပိုင်ဆိုင်ထားပြီး ယခင်က အဆိုပါ ကတ်များသည် သူတို့ကို ရွေးကောက်ပွဲ ဝင်ရောက်ခြင်း အပါအဝင် အခြားမြန်မာနိုင်ငံသားများနှင့် တန်းတူ အခွင့် အရေးများ ရရှိခဲ့သည်။ သို့သော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေက အပြည့်အဝ နိုင်ငံသားဖြစ်ရေးအတွက် လူမျိုးအရ တရားဝင်ဖြစ်မှုကို ကျဉ်းမြောင်းလာ စေပြီး ၃ ခေါက်ချိုး ကတ်များကို အဖြူရောင် ကတ်များ၊ အစိမ်းရောင် ကတ်များ၊ ယခုအခါ “နိုင်ငံသား ပြုခွင့်ရသူ” နှင့် “ဥပဒေအရ နိုင်ငံသားဖြစ်သူ” များအတွက် NVC ကတ် များဖြင့် အစားထိုးခဲ့သည်။ ရခိုင်ပြည်နယ်တွင် နိုင်ငံသားဖြစ်မှု ပြဿနာကို မဖြေရှင်း နိုင်ခဲ့သည်မှာ အနည်းဆုံး မျိုးဆက် ၃ ခုကျော်ခဲ့ပြီ ဖြစ်သည်။ ဦးအေးလွင်က သူတွေ့ဆုံခဲ့သည့် ဗုဒ္ဓဘာသာဝင် ရခိုင်လူငယ် ၅ ဦးမှာ ဘာသာရေးနှင့် လူမျိုးရေး မတူကွဲပြားခြားနားမှုကို တန်ဖိုးထားလက်ခံပြီး ဟန်ချက်ညီမျှသည့် လူ့အဖွဲ့ အစည်းကို လိုချင်ကြောင်း ပြောဆိုခဲ့ကြသည်။ “ရခိုင်လူငယ်တွေက အတိတ်သမိုင်းကနေ ရုန်းထွက်ဖို့ ကြိုးစားနေကြတယ်။ သူတို့က ဒီဒေသရဲ့ ရှည်လျားတဲ့ သမိုင်းအကြောင်းကို ဇာတ်ကြောင်း ပြန်မလှန်ဘူး။ အမုန်းတရားတွေ ကင်းတယ်” ဟု သူကဆိုသည်။
Source : https://goo.gl/86iCoA
via IFTTT

No comments:

Post a Comment