သမီးငယ်ဖြစ်သူရဲ့ စူးစူးဝါးဝါး အော်ဟစ်သံတွေ မဆုံးခင်ဘဲ ကိုရဲထွန်းတစ်ယောက် အိမ်အနောက်သို့ အလန့်တကြား ပြေးဆင်းလာခဲ့သည်။ အသံလာရာဆီကိုရောက်ဖို့က ကိုရဲထွန်းအတွက် ခရီးရှည်ကြီး တစ်ခုလိုပင်။ နားထဲတွင်သမီးငယ်၏ အော်ဟစ်သံက ယခုလောက်ဘယ်တုန်းကမှ ချောက်ချားစရာမ ကောင်းခဲ့။ အိမ်အနောက်သို့ အရောက်တွင်တော့ မြင်ကွင်းက ဦးခေါင်းတည့်တည့်ကို မိုးကြိုးပစ်ချ လိုက်သည့်နှယ်။ မျက်လုံးစုံမှိတ်ကာ အာခေါင်ခြစ်ငိုဟစ်နေသောသမီးက ပက်လက်လှန်အနေအထားဖြင့် ဒူးခေါင်းနှစ်လုံးကို ပိုက်ထားသည်။ ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ သွေးစအချို့ စွန်း ထင်းနေလျက်။ အချိန်က ည၏အမှောင်ဆုံးအပိုင်း၂ နာရီခွဲလုလု။ (၅)နှစ်အရွယ်သမီးငယ်ကို ထွေးပွေ့ရင်းကိုရဲထွန်းတို့ မိသားစုသုံးယောက်ကမ္ဘာပျက်မတတ် ခံစားနေရ သည်။ မိခင်ဖြစ်သူက သမီးငယ်ကို ဖေးထူထားလိုက်ပြီး မျက်ရည်စမ်းစမ်းနှင့်။ ကိုရဲထွန်းတစ်ယောက် ပတ်ဝန်းကျင်တွင် တရားခံကို ရှာတွေ့နိုးနိုးအပြေးတစ်ပိုင်း လိုက်လံရှာဖွေသည်။ သမီးငယ်နှင့် မနီးမဝေးနေရာတွင် ရော်ဘာဖိနပ်တစ်ဖက်ကို တွေ့လိုက်၏။ သူကောက်ယူပြီး နာကျင်စွာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သမီးငယ်ကို အရပ်ထဲကဆေးခန်းနှစ်ခုဆီပြသပြီး လက်မခံသည့် နောက်တွင်တော့ နံနက် ၅နာရီခန့်တွင် မြောက်ဥက္ကလာပဆေးရုံသို့ ရောက်လာခဲ့သည်။ (၅)နှစ်အရွယ် ကလေးငယ်ကို သားဖွားမီးယပ်ဆောင်တွင် တင်ထားရပြီး မိန်းမကိုယ်မှ မစင်စွန့်သည့်အင်္ဂါအထိ ပေါက်ပြဲသွားသဖြင့် တောက်လျှောက်ချုပ်ထားရကာ အညစ်အကြေးစွန့်ရန် ဝမ်းဗိုက်မှ အပေါက်ဖောက်ထားရ သည်။ ကလေးက အနာရှိန်ကြောင့် တောက်လျှောက်ဖျားနာနေပြီး သူစိမ်းပင် အကပ်မခံဝံ့တော့။ နိုဝင်ဘာ ၂ ရက်နေ့ညကဖြစ်ခဲ့သည့် ထိုဖြစ်စဥ်ကို ပြန်ပြောင်းပြောပြနေချိန်တွင် ကိုရဲထွန်း၏မျက်လုံးအစုံက မျက်ရည်များဖြင့်မှုန်ဝါးနေသည်။ ကလေးနှစ်ဦး၏ ဖခင် အသက်(၃ဝ)ကျော် အမျိုးသားတစ်ဦးအနေဖြင့် များစွာပင်ပန်း၍ အိုစာနေပြီး လက်ရှိဘဝကိုစိတ်ပျက်နေသည့်နှယ်။ ရက်သတ္တ ပတ်တို့က ကျော်လွန်သွားခဲ့ပြီ...။ သမီးငယ်၏ဘဝကိုမစာမနာရက်စက်ခဲ့သည့် တရားခံကိုတော့ယခုထိဖမ်းမမိသေးပေ။ ‘‘ရဲတပ်ဖွဲ့က မတွေ့ခင် ဒီကောင်ဘယ်သူလဲ ကျွန်တော်အရင်သိခဲ့ရင် လူသတ်မှုဖြစ်ဖို့ ကျိန်းသေတယ်’’ဟု ဒေါသစကားကိုဆိုနေသည့်တိုင် သူ့အသွင်က နွမ်းနယ်နေခဲ့သည်။ ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ကိုရဲထွန်းတို့ အိမ်ကလေးက ဂိုဒေါင်တစ်ခု၏ဘေးတွင် အဖီဆွယ်၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ကျိုးတိုးကျဲတဲ ကြမ်းခင်းနှင့် အမိုးအကာလုံလုံခြုံခြုံမရှိသော ဆယ်ပေသာသာ အိမ်ကျဥ်းလေး။ အဆိုပါနေအိမ်တွင် ကိုရဲထွန်းတို့လင်မယားနှစ်ယောက်၊ မူကြိုတက်နေသည့် သမီးငယ်နှင့် ဒုတိယတန်းအရွယ်သား၊ ကိုရဲထွန်း၏ ယောက္ခမတို့နေထိုင်ကြသည်။ အခင်းဖြစ်သည့်နေ့ ပြတင်းပေါက်ဘေးတွင် ကပ်လျက်အိပ်နေသော သမီးငယ်ကို ပြတင်းပေါက်ကတစ်ဆင့် ပွေ့ချီသွားသည်ဟု ယူဆရကြောင်း ကိုရဲထွန်းက ဆိုသည်။ သားသမီးအပေါ် လုံခြုံမှုမပေးနိုင်ခဲ့သည်ဆိုသည့် အပူက သူ့အတွက် ပို၍ယူကျူံးမရဖြစ်အောင် ပူလောင်စေခဲ့သည်။ သို့ရာတွင် ထိုဖြစ်စဥ်က နိုင်ငံအတွင်း တရိပ်ရိပ်မြင့်တက်လာသော သက်ငယ်မုဒိမ်းဆိုသည့်ပြစ်မူအပေါ် အချက်ပေးခေါင်း လောင်းဖြစ်လာစေခဲ့သည်။မကြာသေးမီရက်ပိုင်းများကပင် သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ပြစ်မှုများ ခပ်စိပ်စိပ်တွေ့လာခဲ့ချိန် တွင် ကိုရဲထွန်းတို့မိသားစု၏ ဖြစ်စဥ်က လူအသိုင်းအဝိုင်းကို ပို၍ချောက်ချားစေလာခဲ့သည်။ ထိုဖြစ်စဥ်အပြီးတွင်လည်း သက်ငယ်မုဒိမ်း ကျူးလွန်မှုများ တောက် လျှောက်ရှိလာခဲ့သည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင် ကိုရဲထွန်းတို့၏ မူကြိုအရွယ်သမီးငယ်။ နိုဝင်ဘာ ၃ ရက်နေ့တွင် ပဲခူးတိုင်း ပြည်မြို့ရွာဘဲတွင် အသက်(၄)နှစ်အရွယ် မိန်းကလေး။ နိုဝင်ဘာ ၄ ရက်နေ့တွင် ထားဝယ်မြို့ ကျွန်းစုမြို့နယ်တွင် (၁ဝ)နှစ်အရွယ် ကလေးငယ်အား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှု။ နိုဝင်ဘာ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် အသက်(၅)နှစ်အရွယ် မိန်းကလေး စသည်ဖြင့် ရက်ဆက်ဆိုသလိုပင် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့သည်။ အထက်ပါဖြစ်စဥ်များက ရဲစခန်းတွင် တိုင်ချက်ဖွင့် ၍ သတင်းစာမျက်နှာပေါ်ရောက်လာသည့် ဖြစ်စဥ်များဖြစ်၏။ လူမသိသူမသိ ပြီးဆုံးသွားသော ငရဲခန်းသို့ရောက်ခဲ့သည့် ပွင့်ချိန်မ တိုင်မီ ကြွေလွင့်ခဲ့သည့် ပန်းဖူးလေးများ မည်မျှရှိမည်မသိနိုင်။ ထို့အပြင် မှုခင်းကိန်းဂဏန်းများကလည်း သက်ငယ်မုဒိမ်းမှုများ မည်မျှများပြားလာနေသည် ကို သက်သေထူနေပြန်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စာရင်းများအရ ၂ဝ၁၅ တစ်နှစ်လုံးတွင် မုဒိမ်းမှုပေါင်း ၆၈၂ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၂၃ဝ ကျော်ရှိခဲ့သည်။ ၂ဝ၁၆ တွင်တော့ ၁ဝ လအတွင်းမှာပင် မုဒိမ်းမှု ၇၆၁ မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၃၈ဝ ကျော်ရှိခဲ့သည်။ ရန်ကုန်တိုင်းအတွက် ၁ဝ လအတွင်းသက်ငယ်မုဒိမ်းမှုပေါင်း ၇၄ ခု ဖြစ်ပွားခဲ့ပြီး ထိုအရေအတွက်မှာ ရန်ကုန်တိုင်းအတွင်းမှာပင် လေးရက်လျှင် ကလေးငယ်တစ်ဦးနှုန်းလိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်းဖြစ်သည်။ ‘‘ဒီပမာဏက အပြစ်ကင်းတဲ့ကလေးငယ်တွေအတွက် စိုးရိမ်စရာအခြေအနေတစ်ခုပါ။ အရွယ်မရောက်သေးတဲ့ သမီးမိန်းကလေးကို ဆွေမျိုးရင်းချာ၊ အသိမိတ်ဆွေဆိုတာနဲ့ပဲ စိတ်ချလို့မရတဲ့ အခြေအနေပါ’’ဟု တရားလွှတ်တော်ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က သုံးသပ်သည်။ ၎င်းအနေဖြင့် ဥပဒေပြုသူများနှင့် တရားစီရင်ရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ်များအနေဖြင့် ဒီအတိုင်းကြည့်မနေကြရန်နှင့် အမြန်ဆုံးတုံ့ပြန်ရန် အကြံပြုသည်။ သက်ငယ်မုဒိမ်းမှု အများစုကို လေ့လာသုံးသပ်မည်ဆိုလျှင် နီးစပ်ရာပတ်ဝန်းကျင်၊ ဆွေမျိုး(သို့မဟုတ်) အသိမိတ်ဆွေများက အများဆုံးကျူးလွန်လေ့ရှိကြ သည်ဟု သက်ငယ်မုဒိမ်းမှုများအ တွက် ဥပဒေရေးရာကိစ္စများ ကူညီပေးနေသည့် ဥပဒေရေးရာကုစားရေးအဖွဲ့ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုပါသည်။ ထို့အပြင် အချို့သက်ငယ်မုဒိမ်းမှုများတွင်ဆိုလျှင် ကျူးလွန်သူမှာ အဖေအရင်း၊ ဦးလေးအရင်းတို့ ဖြစ်နေတတ်ပြီး ထိုဖြစ်စဥ်များတွင်မူ ကျူးလွန်သူများမှာအရက်သေစာ သောက်စားထားခြင်း၊ မူးယစ်ဆေးသုံးစွဲထားခြင်း နှင့် စိတ်ရောဂါရှိသူအချို့တို့ ဖြစ်နေတတ်သည်ဟုလည်း ဒေါ်လှလှရီကဆိုသည်။ ‘‘ဒီနှစ်ပိုင်းမှ မဟုတ်ဘူး။ အရင်ကတည်းက ရှိခဲ့တာဆိုပေမယ့် ဒီနှစ်ပိုင်း အရေအတွက်ပိုများလာတာအမှန်ပဲ။ အကြောင်းရင်းကိုပြောရမယ်ဆိုရင် လူထုကြားမှာအင်တာနက်ကွန်ရက်တွေမှာ လိင်အသားပေးရုပ်ရှင်တွေ၊ ပုံတွေကို အလွယ်တကူ တွေ့နိုင်တာက လည်း အကြောင်းရင်းတစ်ခုဖြစ် သလို မူးယစ်ဆေးဝါးနဲ့ အရက်တွေကြောင့်လည်း မဆင်မခြင် ကျူးလွန်ကြတာတွေ့ရတယ်’’ဟု သက်ငယ်မုဒိမ်းမှု များပြားလာ သည့် အကြောင်းရင်းကို တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက သုံးသပ်သည်။ ဖြစ်စဥ်များက ခပ်စိပ်စိပ်ဖြစ်လာပြီး သက်ငယ်မုဒိမ်းအပေါ်လူထု၏ စိုးရိမ်မှုရေချိန်ကလည်း မြင့်တက်လာခဲ့သည်။ အွန်လိုင်းတွင် လူတစ်စုက ဦးဆောင်ပြီး သက်ငယ်မုဒိမ်းများကို ထိရောက်စွာအပြစ်ပေးရန် လှုပ်ရှားမှုများ ရှိလာခဲ့သည်။ ‘‘အဓိကကတော့ အစိုးရကိုတတ်နိုင်တဲ့အပိုင်းက ဖိအားပေးချင်တာပါ။ အခု ဒီကိစ္စတွေက တော်တော်များများဖြစ်လာပြီး တုံ့ပြန်မှုမရှိဘူး။ အွန်လိုင်းပေါ်မှာ Event တွေထောင်ပြီး ရေးကြသားကြတယ်။ ပြီးတော့ အချက်အလက်တွေလည်း မျှဝေတဲ့ သဘောပါ’’ဟု အွန်လိုင်းမှ လှုပ်ရှားသူ ကိုပြည့်ဖြိုးနိုင်ကပြောသည်။ လူမူကွန်ရက် အသုံးပြုသူ များကြားတွင် သက်ငယ်မုဒိမ်းနှင့်ပတ်သက်၍ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးသည်အထိ ပင် အပြစ်ပေးသင့်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာကြသည်။ သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများကထိရောက်သည့်ဖြေရှင်းမှုမျိုး မတွေ့ရသေးဘဲ ငြိမ်သက်နေဆဲ ဖြစ်ကြောင်း ဝေဖန်မှုများလည်း တစ်ပြိုင်နက်ထွက်ပေါ်နေခဲ့သည်။ ထိုတင်မကသေး သက်ငယ်မုဒိမ်းများနှင့် ပတ်သက်၍ သီးခြားအထူးဥပဒေနှင့် ပြင်းပြင်းထန်ထန် အပြစ်မပေးနိုင်သေးသည်များလည်းရှိနေသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရသစ်အနေဖြင့် တရားစီရင်ရေးနှင့် ဥပဒေပြုရေးကို တည့်မတ်အောင် အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်းနှင့် တုံ့ပြန်မှုများ နှေးကွေးသည်ဟု လက်ရှိအစိုးရအပေါ် အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးသိန်းညွန့်က ဝေဖန် သည်။ ‘‘ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း ဘာပြောင်းလဲသလဲဆိုတော့ မှုခင်းတွေ တိုးလာတယ်လေ။ သက်ငယ်မုဒိမ်းနဲ့ပတ်သက် ပြီး အခု လွှတ်တော်ထဲရောက်နေတဲ့ အမတ်တွေရဲ့ အရည်အချင်းကိုကြည့်ရမှာပဲ။ ကြာရင်ပြည်သူကပဲ နစ်နာမှာ’’ဟု ၎င်းက လက်ရှိ အစိုးရနှင့် လွှတ်တော်ကို ဝေ ဖန်သည်။ ဦးသိန်းညွန့်မှာ ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် သက်ငယ်မုဒိမ်းအတွက် ဥပဒေတစ်ခုပြဋ္ဌာန်းပြီး အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိပေးရန် သုံးကြိမ်တိုင် ကြိုးစားခဲ့သူတစ်ဦး လည်းဖြစ်သည်။ သို့သော်လည်း လွှတ်တော်က ပယ်ချမှုများ မဲရှုံးနိမ့်မှုများနှင့် ၎င်း၏ကြိုးစားမှု အထမမြောက်ခဲ့ပေ။ ‘‘ကျွန်တော့်ခံယူချက်က တော့ ဒီလို မုဒိမ်းကောင်တစ်ရာကို သေဒဏ်ပေးပစ်ရင် ကလေးအ ယောက် တစ်သန်းရဲ့ အပြစ်ကင်း တဲ့ ဘဝလုံခြုံမယ်လို့ထင်တယ်’’ ဟု ၎င်းကဆိုသည်။ ဦးသိန်းညွန့်မှာ သက်ငယ်မုဒိမ်းများကို အမြင့်ဆုံး အပြစ် သေဒဏ်ပေးခြင်းမှာ သည်နိုင်ငံအနေနှင့် လိုအပ်သည်ဟု တထစ်ချယုံကြည်ထားသည်။ လက်ရှိတွင် ပုဒ်မ ၃၇၆ မှာ သက်ငယ်မုဒိမ်းများအတွက် အ မှန်တကယ် အလုပ်မဖြစ်ကြောင်း ဦးခင်ဇော်(မရမ်းကုန်း) ကလည်း ပြောကြားသည်။ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးသူအတွက် ပြစ်မူနှင့်ပြစ်ဒဏ်မျှတမှသာ နစ်နာသူအတွက် တရားသောအဖြေကို တရားစီရင်ရေးက ပေးနိုင်မည်ဟု ၎င်းကယုံကြည်ထားသည်။ ‘‘အခုက သက်ငယ်မုဒိမ်းတွေ ကို မြို့နယ်တရားရုံးမှာ စစ်ဆေး နေတာတွေရှိနေတယ်။ ခရိုင်မှာ မစစ်ဘူး။ ဒီမြို့နယ်တရားရုံးက ပြစ်ဒဏ်ဘယ်လောက်ပေးနိုင်မှာ လဲ’’ဟု ဦးခင်ဇော်ကပြောသည်။ ‘‘ကုန်ကုန်ပြောမယ် လိုအပ် ရင် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကိုပါပြင်သင့်ပြင်ရမယ်’’ လို့ ၎င်းက အကြံပြုသည်။ လက်ရှိတွင်လည်း သက်ငယ် မုဒိမ်းအများစုမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ အပြင်းအထန်နာကျင်စေမှု ၃၂၅ နှင့် အရွယ်မရောက်သူကို ခိုးယူပေါင်းသင်းမူ ၃၆၃ တို့နှင့်သာ စွဲချက်တင်နေကြသည်။ ထိုပြစ်မှုများအနေဖြင့် ထောင်ဒဏ်လေးနှစ်မှ ၁ဝ နှစ်၊ တစ်သက်တစ်ကျွန်းထိ ပေးနိုင်သော်လည်း ဒဏ်ငွေနှင့်လည်း ပြီးနိုင်သည်များ ရှိသည်။ ထို့ပြင် လွတ်ငြိမ်းချမ်းသာ ခွင့်နှင့် လွတ်လာပြီး တရားစွဲဆို သူ မိသားစုကို ခြိမ်းခြောက်အန္တရာယ်ပေးခဲ့သည်များကလည်း ရာဇဝတ်မှုမှတ်တမ်းများတွင် ရှိနေ သည်။ 7Day News ဂျာနယ် အနေ ဖြင့် သက်ငယ်မုဒိမ်းနှင့်ပတ်သက် ၍ တွေ့ဆုံမေးမြန်းမှုအချို့နှင့် အွန်လိုင်းတို့မှတစ်ဆင့် လူဦးရေငါးဆယ်ကို သဘောထားစစ်တမ်း ကောက်ခံခဲ့ရာ အများစုမှာ တရား ဥပဒေစိုးမိုးမှုရှိရန် အဓိက လိုအပ် ကြောင်း ဖြေဆိုခဲ့ပြီး ပညာပေးမှု များနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ပေးရန် လိုအပ်သည်ဟု လည်း ဖြေဆိုခဲ့ကြသည်။ သက် ငယ်မုဒိမ်းနှင့်ပတ်သက်၍ ပြင်း ထန်သည့်ပြစ်ဒဏ်ကို မျှတစွာပေး နိုင်ရန်ကိုမူ အားလုံးကလိုလားနေ ကြသည်။ ထိုမျှမကသေးပေ။ နစ်နာခဲ့ရ သည့် အပြစ်မဲ့ကလေးငယ်များ နှင့် မိသားစုအတွက် ကောင်းမွန် သော အနာဂတ်ဖန်တီးပေးရန် လည်း အမှန်တကယ် လိုအပ်ပါ သည်။ Save The Children မှ အာရှပစိဖိတ် နိုင်ငံများအတွင်း သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ၂ဝ၁၅ နှစ်လယ်တွင် စစ်တမ်း တစ်ခု ကောက်ခံခဲ့ရာ ငယ်စဥ်ကထိုသို့ဖြစ်စဥ်ကြုံတွေ့ခဲ့ရသူ မိန်း ကလေး ၇ဝ ရာခိုင်နှုန်းကျော်မှာ အသက်ကြီးသည်အထိ ပတ်ဝန်းကျင်၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုခံရပြီး ၄ဝ ရာခိုင်နှုန်းမှာ အိမ် ထောင်မကျကြောင်း စစ်တမ်းအ ဖြေတစ်ခုရခဲ့သည်။ လက်တွေ့ တွင်လည်း ခြေမွဖျက်ဆီးခံခဲ့ရ သော ကလေးငယ်များကိုအလိုက် မသိသော ပတ်ဝန်းကျင်အသိုင်း အဝိုင်းတို့က စိတ်ဒဏ်ရာများ ထပ် ပေးလေ့ရှိနေတတ်သည်။ ‘‘ကျွန်တော်တို့ကတော့ ဖြစ် နိုင်ရင် ဒီရပ်ကွက်၊ ဒီပတ်ဝန်းကျင် က ထွက်သွားလိုက်ချင်တာပါပဲ။ ဒီနေရာမှာ ဆက်နေချင်စိတ်လုံးဝ မရှိတော့ဘူး။ အဓိကက ကလေး အတွက်ပါ’’ ကိုရဲထွန်း၏ စကားသံ က မောလျနေသည်။ ကိုရဲထွန်းပြောသည့် စကား အတိုင်း တစ်ထပ်တည်းကိုပင် လွန်ခဲ့သည့်သုံးနှစ်က ပြောဖူးသူတစ်ယောက်ရှိသည်။ သူကတော့ ကမာရွတ်မြို့နယ်တွင် စျေးရောင်း ချသည့် မမော်(အမည်လွှဲ)ပင်ဖြစ် သည်။ လွန်ခဲ့သည့်သုံးနှစ် အောက် တိုဘာလက မမော်၏ (၆)နှစ်အ ရွယ်သမီးငယ်ကို အိမ်နီးချင်းတစ် ဦးက အဓမ္မကျင့်မှုဖြစ်ပွားခဲ့သည်။ အမေတစ်ခု သမီးတစ်ခု ဘဝတွင် ရုံးချိန်း ၂ နှစ်ခန့် တက်ရောက်ပြီး တရားခံကို ထောင်ဒဏ်လေးနှစ် သာ ပြစ်ဒဏ်ချနိုင်ခဲ့သည်။ ထိုအ ချိန်တွင်လည်း သူမ မောပန်းစွာ ပြောခဲ့သည်က ‘‘ကျွန်မ သမီးလေး အတွက် ကျွန်မတော့ ဒီပတ်ဝန်း ကျင်က ထွက်သွားလိုက်ချင်တာပါပဲ’’ဟူ၍ပင်။ မမော်တစ်ယောက်တော့ ကံ မကောင်းခဲ့ပါ။ ဖြစ်စဥ်က သုံးနှစ် သုံးမိုးကြာခဲ့ပြီ။ တရားခံသည် လည်း သမ္မတဟောင်း ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ထောင်ထဲတွင် တစ်နှစ်သာနေပြီး ပြန်လွတ်သွားခဲ့လေသည်။ ထို့အ ပြင် ပြီးခဲ့သည့်သုံးနှစ်တာ ကာလ အတွင်း မမော်တို့ သားအမိနှစ် ယောက် ကြောက်လန့်ရှက်ရွံစွာ ဖြတ်သန်းခဲ့သည်ဟု ရင်ဖွင့်ပါ သည်။ မျှော်လင့်ချက် ကင်းမဲ့နေ သော မျက်လုံးများဖြင့် သမီးငယ် ကို ကရုဏာမျက်လုံးများဖြင့် ကြည့်ရင်း သက်ပြင်းမောတစ်ခု ကိုချကာ မမော်ကပြောသည်။ ‘‘ကျွန်မတို့မှာ မှောင်ပြီဆို ဘာလုပ်ရမှန်းမသိဘူး။ ညတိုင်း ဘုရားတွေရှိခိုး။ သားအမိနှစ်ယောက် တပူးကပ်ကပ်နဲ့ သမီးလေးကြီးလာရင် သီလရှင်ဝတ်ပေးမယ်လို့ သမီးလေးကို ပြော တယ်။ သမီးလေးကလည်း လက် ခံပါတယ်’’။ ။
Source : http://ift.tt/2g0ln2m
via IFTTT
No comments:
Post a Comment