လူသားချင်း စာနာမှု သူရဲကောင်းဆု ဒေါက်တာ စင်သီယာမောင် ရရှိ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း တခုဖြစ်သည့် AidEx အဖွဲ့၏ ၂၀၁၆ ခုနှစ် အတွက် လူသားချင်းစာနာမှု သူရဲကောင်းဆု (AidEx Humanitarian Hero Finalists 2016) ကို မြန်မာနိုင်ငံမှ ဒေါက်တာ စင်သီယာမောင် ဆွတ်ခူးရရှိကြောင်း သတင်းရရှိသည်။ နှစ်စဉ် နိုဝင်ဘာ ၁၆ နှင့် ၁၇ ရက်နေ့များတွင် ဘယ်လ်ဂျီယမ် နိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် AidEx အဖွဲ့၏ Flagship Conference and Exhibition တွင် အဆိုပါ လူသားချင်းစာနာမှု သူရဲကောင်းဆု ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပြီး၊ ဒေါက်တာ စင်သီယာမောင်သည် Safe Hands for Girls ထူထောင်ခဲ့သော ဂမ်ဘီယာနိုင်ငံသူ Jaha Dukureh ၊ KickStart နိုင်ငံတကာ လူမှုအကူအညီပေးရေး အဖွဲ့ ထူထောင်ခဲ့သူ Dr. Martin Fisher နှင့် Camp01 ထူထောင်ခဲ့သူ Shaima Al Zarooni တို့ကို ကျော်ဖြတ်ကာ မဲပေးစနစ်ဖြင့် ရွေးချယ်ချီးမြှင့်ခံရခြင်း ဖြစ်သည်။ ဒေါက်တာ စင်သီယာမောင်သည် ၁၉၈၈ အရေးတော်ပုံ ဖြစ်ပွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိခဲ့ပြီး ထိုင်းနယ်စပ်အနီး မဲဆောက်မြို့တွင် “ကျောင်းသား ဆေးခန်း” ဟု လူသိများသည့် မယ်တော်ဆေးခန်းကို တည်ထောင်ကာ စစ်ပြေးဒုက္ခသည်များ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် ငွေကြေး မတတ်နိုင်သူများအား အတွင်းလူနာ၊ အပြင်လူနာအဖြစ် တရက်လျှင် လူနာ ၃၀ဝ ဝန်းကျင် ကုသ ပေးနေသည့် အပြင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များ အတွက်လည်း ကျောင်းဖွင့်လှစ်ကာ အခမဲ့ ပညာသင်ကြားပေးထားသည်။ ဒေါက်တာ စင်သီယာမောင်အား နိုင်ငံတကာ အဖွဲ့အစည်းများမှ ချီးမြှင့်ထားသည့် ဆုပေါင်း ၂၄ ဆု ရှိပြီး၊ ယခု ရရှိသည့် လူသားချင်းစာနာမှု သူရဲကောင်းဆုသည် ၂၅ ဆုမြောက် ဖြစ်သည်။ AidEx နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့သည် အရေးပေါ်ထောက်ပံ့ကူညီရေးနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင် ကူညီပေးနေသည့် အဖွဲ့ ဖြစ်ပြီး နှစ်စဉ် စက်တင်ဘာ ၁၄ နှင့် ၁၅ ရက်တိုင်း၊ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ၂ ရက်ကြာ ညီလာခံ ကျင်းပလေ့ရှိသည်။
Source : https://goo.gl/9ztou4
via IFTTT
No comments:
Post a Comment