Marga Landmark လုပ်ပိုင်ခွင့်ရမြေနေရာ အစိုးရသစ် ပြန်လိုချင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ပိုင်ခွင့်ချထားပေးခဲ့သည့် Marga Landmark ကုမ္ပဏီ၏ စီမံကိန်းမြေနေရသစ်သည် ပညာရေး ဝန်ကြီး ဌာန အတွက် အလွန်အကျိုး ရှိသဖြင့် ပြန်လည် လိုချင်ကြောင်း သိရသည်။ Marga Landmark မှ တာဝန်ယူတည်ဆောက်သည့် တပ်မတော်ပိုင် Dagon City 1 ဆောက်လုပ်ရေး စီမံကိန်းကို အများပြည်သူကန့်ကွက်မှုကြောင့် ဖျက်သိမ်းပေးခဲ့ရသည်။ ကုမ္ပဏီကို မြေနေရာအစားထိုးအဖြစ် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ ယခင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနပိုင်လက်အောက်ရှိ အမှတ် ၆ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနပိုင် ၁၇ ဒသမ ၇ ဧကမြေနေရာကို ပေးခဲ့သည့်အတွက် ပြန်လည် ရရှိပါက လက်ရှိ ပညာရေး ဝန်ကြီး ဌာန အတွက် အလွန်အကျိုး ရှိကြောင်း ယင်းဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ “၁၇ ဒသမ ၇ ဧကလုံး ပြန်လည် ရရှိရင် ပညာရေးအတွက် အကျိုးရှိပါကြောင်းနဲ့ ပြန်လည် ရရှိနိုင်ရန် လွှတ်တော်ကြီးက ကူညီ စောင့်ရှောက် ပေးပါရန် တင်ပြအပ်ပါတယ်”ဟု ဦးဝင်းမော်ထွန်းက ပြောသည်။ ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဧရာဝတီတိုင်းဒေသကြီး အမှတ် ၅ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ဦးမောင်မောင်အုန်းက ပွင့်လင်းမြင်သာမှု မရှိဘဲ စွန့်လွှတ်ခဲ့ရသည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနပိုင် ၁၇ ဒသမ ၇ မြေဧကကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည် ရယူ၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖွံ့ဖြိုးမှု အားနည်းသော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ ဒဂုံ၊ ဒလနှင့် တွံတေးစသည့် နေရာများသို့ ရွှေ့ပြောင်းကာ စီမံကိန်းနေရာ ချပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် ယင်းစီမံကိန်းကို ပြန်လည် ရယူရန် အစီအစဉ် မရှိကြောင်း၊ သို့ သော် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်းအစိုးရနှင့် Marga Landmark ကုမ္ပဏီကြား ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ၎င်းကုမ္ပဏီမှ ရယူထားသည့် မြေ ၁၇ ဒသမ ၇ ဧက အနက် ၉ ဧကကို နိုင်ငံတော်သို့ ပြန်လည် ပေးအပ်နိုင်ရန် သုတေသနနှင့် တီထွင် ဆန်းသစ်မှု ဦးစီးဌာနက ပြန်လည် ရရှိရေး ဆောင်ရွက်နေကြောင်း ပြောသည်။ မေးခွန်းမေးမြန်းခဲ့သူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းကမူ ပညာရေး ဝန်ကြီးဌာန၏ အဖြေကို ကျေနပ်မှု မရှိကြောင်း ဧရာဝတီသို့ ပြောသည်။ “ဝန်ကြီးရဲ့ အဖြေကတော့ သူတတ်နိုင်သလောက် ဖြေတော့ဖြေတယ်။ အန်ကယ့်ရဲ့ မေးခွန်းကို ကျနော်တို့လည်း ခင်ဗျားတို့ပဲ ပြန်အားကိုးပါတယ်ဆိုတဲ့ အဖြေကိုတော့ စိတ်မကောင်း ဖြစ်မိတယ်။ ပညာရေး ဝန်ကြီးဌာနကတောင် အန်ကယ်တို့ကို ပြန်အားကိုးတယ်ဆိုရင် အန်ကယ်တို့က Authorization ဆိုတဲ့ အာဏာ ရှိတာ မဟုတ်ဘူး”ဟု ဦးမောင်မောင်အုန်းက ပြောသည်။ ဒီမိုကရေစီ ဖြစ်စဉ် ချောချောမွေ့မွေ့ ဖြစ်စေရန် ပြည်သူများ အနေဖြင့် အသိပညာ မြင့်ရန် လိုအပ်ပြီး တိုင်းပြည်တွင် သုတေသန ဖွံ့ဖြိုးမှု အားနည်းခဲ့သဖြင့် စည်းမဲ့ကမ်းမဲ့ ဖြစ်ချင်တိုင်း ဖြစ်ခဲ့ရကြောင်း၊ ယခုကဲ့သို့ သုတေသန ဌာနကြီးတခု၏ မြေကို ပုဂ္ဂလိကသို့ ပေးလိုက်ခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ရိုက်ချိုးလိုက်ခြင်းဟု မြင်၍ ယခု မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ယခင် အစိုးရလက်ထက် ရွှေတိဂုံစေတီတော်နှင့် သိဂုၤတ္တရကုန်းတော် ဆက်စပ်နယ်မြေတဝိုက်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် Dangon City 1 စီမံကိန်းကို လုပ်ပိုင်ခွင့် ရရှိခဲ့သည့် Marga Landmark ကုမ္ပဏီသည် ပြည်သူလူထု၏ ကန့်ကွက်မှုကို ခံရသဖြင့် ထိုနေရာမှ ဖယ်ရှားပေးခဲ့ရပြီးနောက် ယခင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန (ယခု ပညာရေး ဝန်ကြီးဌာန)ပိုင် ရန်ကင်းမြို့နယ်ရှိ ၃၅ ဒသမ ၃၈၅ ဧကအား အစားပြန်လည် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Source : https://goo.gl/W7tDt8
via IFTTT
No comments:
Post a Comment