Wednesday, November 23, 2016

The Voice

လူမှုကူညီရေးယာဉ် နှစ်စီး ပစ်ခတ်ခံရ၍ စစ်ရှောင်များကို မကယ်နိုင် မူဆယ်၊ နိုဝင်ဘာ ၂၂ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် စစ်ဘေးရှောင်သူများကို သွားရောက် ခေါ်ဆောင်မည့် လူမှုကယ်ဆယ်ရေး မော်တော်ယာဉ် ပစ်ခတ်ခံရမှုကြောင့် စစ်ဘေးရှောင်များကို ကယ်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း ၁ဝ၅ မိုင် ပါရမီ လူမှုကူညီရေး အသင်းထံမှ သိရသည်။ မူဆယ်၊ မိုင်းယု ၁ဝ၅ မိုင် အနီးတွင် စစ်ဘေးရှောင် ဒေသခံများကို သွားရောက် ခေါ်ယူခဲ့သည့် လူမှု ကယ်ဆယ်ရေး အသင်း မော်တော်ယာဉ် နှစ်စီးသည် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပစ်ခတ်ခံရသည့်အတွက် အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ပါရမီ လူမှုကူညီရေး အဖွဲ့မှ ဦးသန့်စင်က ပြောဆိုသည်။ ၁ဝ၅ မိုင်ရှိ မေတ္တာမွန် လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် ပါရမီ လူမှုကူညီရေး အဖွဲ့ ယာဉ် နှစ်စီးကို လွယ်အင် ကျေးရွာ အရောက်တွင် ဘုရားကုန်းပေါ်မှ ပစ်ခတ်လိုက်ခြင်း ဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် မေတ္တာမွန် ကူညီရေးအသင်း ယာဉ်ပေါ်ပါသူ ရွှေလီမြို့မှ ကြင်နာ နွေးထွေးသော ပရဟိတ အဖွဲ့မှ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သည့်အတွက် စစ်ဘေးရှောင်သူများကို ကယ်ဆယ် ခေါ်ယူနိုင်ခြင်း မရှိတော့ဘဲ နောက်ကြောင်း ပြန်လှည့်ခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။ မူဆယ်နှင့် မိုင်းယုကျေးရွာ ၁ဝ၅ မိုင်စခန်းမှာ ၇ မိုင်ခန့် ဝေးကွာပြီး ၁ဝ၅ မိုင်တွင် နေထိုင်သူများကို တပ်မတော်က ခေတ္တ တိမ်းရှောင်ပေးရန် နှိုးဆော်ထားသည့်အတွက် ဒေသခံများမှာ မူဆယ်မြို့ရှိ ကူညီ ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကြခြင်း ဖြစ်ကြောင်း၊ ယာဉ်အသွား အလာ မရှိသည့်အတွက် ကူညီ ကယ်ဆယ်ရေး မော်တော်ယာဉ်များကို ခေါ်ယူ အကူအညီ တောင်းခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “ရွာသားတွေကို တပ်က အန္တရာယ် ဖြစ်မှာ စိုးတဲ့အတွက် ရှောင်ခိုင်းတာပါ။ ဒါပေမဲ့ ရွာသားတွေက ၇ မိုင်လောက် ဝေးတဲ့ မူဆယ်ကို သွားဖို့ ခက်နေကြတယ်။ ဒါကြောင့် ဖုန်းဆက်ပြီး အကူအညီ တောင်းတာကြောင့် သွားခေါ်တာ ကားတွေကို ပစ်တော့ ကြောက်ပြီး ဆက်မသွားနိုင်ဘဲ မူဆယ်ကို လှည့်ပြန်လာတာပါ”ဟု မေတ္တာမွန် လူမှုကူညီရေး အသင်းမှ ကိုမင်းအောင်က ပြောဆိုသည်။ လက်နက်ကိုင် သောင်းကျန်းသူများ အနေဖြင့် ကြက်ခြေနီနှင့် လူမှုကူညီရေး နိဗ္ဗာန်ယာဉ်များဟု အဝေးမှ မြင်နိုင်သည့် စာတမ်းများပါရှိသည်ကို သိရှိနိုင်ကြောင်း၊ ယခုကဲ့သို့ ကူညီကယ်ဆယ်ရေးယာဉ်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းမှာ လူမဆန်သည့် လုပ်ရပ်သာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ လူမှု ကယ်ဆယ်ရေးယာဉ် နှစ်စီးကို ပစ်ခတ် တိုက်ခိုက်သူများမှာ KIA၊ TNLA၊ MNDAA မြောက်ပိုင်း မဟာ မိတ်တပ်ကဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးဌာနက သတင်း ထုတ်ပြန်သည်။
Source : https://goo.gl/dLwYWE
via IFTTT

No comments:

Post a Comment