“ရွှေပြည်တော်ဆုံမှတ်” ပရဟိတအသင်းက ထီးလိုမင်းလိုဘုရား ပြုပြင်ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် “ရွှေပြည်တော်ဆုံမှတ်”ပရဟိတအသင်းသည် ၂၀၁၆ခုနှစ် ၊ ဩဂုတ်လ(၂၄)ရက်နေ့က ငလျင်လှုပ်၍ ထိခိုက် ပျက်စီးခဲ့သော ပုဂံ၊ ထီးလိုမင်းလိုဘုရားကို ပြုပြင်ရန် ဗွီနိုင်းတွင်ရေးသား၍ ဆောင်ရွက်နေကြောင်း သတင်းရရှိ၍ ပုဂံရှေးဟောင်းသုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ထီးလိုမင်းလိုဘုရားသို့ သွားရောက်၍ ဂေါပက အဖွဲ့အား မေးမြန်းကာ ခွင့်ပြုချက်မရှိပဲ ဆောင်ရွက်မှုများ ပြုလုပ်ခြင်း မပြုရန်၊ ပြည်သူလူထု အထင်လွဲမှားစေမည့် ကိစ္စများ ပြုလုပ်ခြင်း မပြုရန် ဂေါပကအဖွဲ့အား သတိပေးဆွေးနွေး၍ ဗွီနိုင်းကို (၁၅.၁၁.၂၀၁၆)နေ့တွင် ဖယ်ရှားခဲ့ပါသည်။ ပုဂံငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စေတီ၊ပုထိုးပေါင်း (၃၈၉)ဆူရှိကြောင်း ကွင်းဆင်းစစ်ဆေး တွေ့ရှိခဲ့ပါသည်။ ငလျင်ဖြစ်ပွားပြီးသည့် ကာလမှစ၍ UNESCO ၏ အကြံပြုချက်နှင့် ပူးပေါင်း ဆောင်ရွက်ချက်များနှင့် အညီ ပြည်တွင်း/ပြည်ပ ပညာရှင်များ ပါ၀င်သော အဖွဲ့များဖွဲ့စည်း စစ်ဆေးခဲ့ရာ ထိခိုက်ပျက်စီးမှု ပမာဏနှင့် တန်ဖိုးပေါ်မူတည်၍ ပထမဦးစားပေး (၃၆)ဆူ၊ ဒုတိယဦးစားပေး (၅၃)ဆူနှင့် တတိယဦးစားပေး (၃၀၀)ဆူအားခွဲခြားထားပြီးဖြစ်ပါသည်။ ပထမနှင့်ဒုတိယဦးစားပေး ပြုပြင်မည့် (၈၉)ဆူတို့အား ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကြံပြုချက်နှင့် အညီအချိန်ယူ၍ စနစ်တကျ ပြုပြင်ထိန်းသိမ်း မှုများကို ဌာန၏ကြီးကြပ်မှုဖြင့် ၂၀၁၇ခုနှစ်မှသာဆောင်ရွက်ရန် UNESCO နှင့် ညှိနှိုင်းလျာထားကြောင်း၊ ထို့အတွက် ပြည်တွင်း/ပြည်ပ ပညာရှင်များပါ၀င်သော International Expert Meeting ကို၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလအတွင်း ကျင်းပရန် စီစဉ်ထားပြီး အဆိုပါ အစည်းအ၀ေးမှ ဆွေးနွေးအကြံပြုချက်များနှင့်အညီ တစ်ဆူချင်း ထပ်မံအသေးစိတ် စစ်ဆေး၍ အဆင့်ဆင့် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုကာလအထိ ပြုပြင်မှုများကို စတင်ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ငလျင်ဖြစ်ပွားပြီးသည့် အချိန်မှစ၍ UNESCO၏ အကြံပြုချက်နှင့်အညီ မှတ်တမ်းတင်ခြင်း၊စစ်ဆေးခြင်း၊အရေးပေါ်ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း၊ ထပ်မံပျက်စီးခြင်းမဖြစ်အောင်နှင့် တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ခြင်း၊ ကြံ့ခိုင်မှု ဆောင်ရွက်ခြင်းများသာ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ၍ အဆင့်လိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၉၈ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၅ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေများပါ ပြဋ္ဌာန်းချက်များအရ ပုဂံရှေးဟောင်းစေတီများ ပြုပြင်လိုပါက နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနထံသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ကြိုတင်ခွင့် ခွင့်ပြုချက် တင်ပြပြီး ခွင့်ပြုမှသာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိဦးစီးဌာနပင်လျှင် တတိယဦးစားပေး (၃၀၀)ဆူအနက်မှ အသေးစားထိခိုက်ပျက်စီးသောဘုရား (၂၂၄)ဆူ ပြုပြင်ရန်အတွက် ၀န်ကြီးဌာနသို့ “ ကြိုတင်ခွင့်ပြုချက်” တင်ပြလျှောက်ထားဆဲဖြစ်ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရပါကြောင်းနှင့် ထီးလိုမင်းလိုဘုရား၏ အထွတ်စေတီအစိတ်အပိုင်းအချို့နှင့် စေတီအရံ အချို့ထိခိုက်ပျက်စီးခဲ့ခြင်းအား ဂေါပကအဖွဲ့က အဆိုပါ ပရဟိတအသင်းကို ပြုပြင်ရန် ခွင့်ပြုခဲ့ခြင်း ပါသည်။ ငလျင်ဖြစ်ပွားပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊စေတီများကို ပုဂ္ဂလိကများ၊ အဖွဲ့အစည်းများ၊ ဂေါပကများ ပြုပြင်ခြင်း ခွင့်မပြုပဲ နိုင်ငံတော်က ကြီးကြပ်၍ ပြင်ဆင်ထိန်းသိမ်းမှု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂေါပကများသို့လည်း အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။ ထီးလိုမင်းလို ဂေါပကအဖွဲ့သည် ဘုရားကြီးအား စောင့်ရှောက်ရန်သာဖြစ်ပြီး ခွင့်ပြုပိုင်ခွင့်မရှိသည်များကို ခွင့်ပြုထားခြင်းဖြစ်သဖြင့် ဥပဒေနှင့် ညီညွတ်မှုမရှိပါက ဂေါပကအဖွဲ့အား ဥပဒေနှင့်အညီ အရေးယူသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အဆင့်ကြီးကြပ်၍ မိမိတို့ရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲစေရန် ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ပြည်ပနိုင်ငံများ၊UNESCO တို့ ပူးပေါင်းညှိနှိုင်း တိုင်ပင်ဆွေးနွေး ဆောင်ရွက်လျက်ရှိသဖြင့် ထီးလိုမင်းလို ဘုရားကြီးအပါအ၀င် ပထမဦးစားပေးနှင့် ဒုတိယဦးစားပေး စုစုပေါင်း (၈၉)ဆူတို့အား မည်သည့် အဖွဲ့ကိုမှ ပြုပြင်ခွင့်ပြုမည် မဟုတ်ပဲ ဌာနကသာ ကြီးကြပ်စီမံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ပါသည်။ ၁၆.၁၁.၂၀၁၆ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
Source : http://ift.tt/2f3qmA8
via IFTTT
No comments:
Post a Comment