Tuesday, November 22, 2016

The Voice

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရန်ကုန် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူရန် လာရောက်သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ဆီးစစ်ချက် ယူရန် သန့်စင်ခန်းသို့ လက်တွန်းလှည်းဖြင့် လိုက်ပို့ပေးသူ ဆေးရုံညပိုင်း တာဝန် ကျသည်ဟုဆိုသော အမျိုးသား တစ်ဦးက မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း လသာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ လူနာ မိန်းကလေးကို မဖွယ်မရာ ပြုလုပ်သူဟု ဆိုသော အမျိုးသားမှာ ဒလမြို့နယ်၊ ကျန်းမာရေး ဝန်ထမ်း အိမ်ရာ လိုင်းခန်းတွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ် ဇင်မင်းသူ ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က ကျောကုန်း၊ ရင်ဘတ်တို့တွင် အဖုအကျိတ် ထွက်ကာ ကင်ဆာ ရောဂါ ခံစားနေရသဖြင့် မော်လမြိုင် ပြည်သူ့ ဆေးရုံကြီးမှ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ရောက်ရှိလာသူ မိန်းကလေးကို မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ လသာ မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ကင်ဆာရောဂါ ဖြစ်နေလို့ မော်လမြိုင် ဆေးရုံကနေ လွှဲလိုက်တာ၊ ဆေးရုံရောက်ပြီး ဓာတ်မှန် ရိုက်၊ သွေးစစ်ပြီးလို့ ဆီးစစ်ချက် ယူရန် သန့်စင်ခန်းကို လွှတ်လိုက်တဲ့အချိန် လက်တွန်းလှည်းသမားက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို လက်ညှိုးနဲ့ မဖွယ်မရာ လုပ်ခဲ့တာလို့ အမှုဖွင့် တိုင်ချက်အရ သိရတယ်၊ အခုထိ မိန်းကလေးက ရန်ကုန် ဆေးရုံကြီး အဆောင် ၁/၂ မှာ ဆေးကုမှု ခံယူနေရတုန်းပဲ”ဟု ၎င်းက ဆက်လက် ဆိုသည်။ လူနာ မိန်းကလေးကို လက်တွန်းလှည်းဖြင့် သန့်စင်ခန်းသို့ လိုက်ပို့ပြီး မဖွယ်မရာ ပြုလုပ်သူဆိုသူ အသက် ၃၇ နှစ်အရွယ် ဇင်မင်းသူကို (ပ)၂၂ဝ/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း လသာမြို့မ ရဲစခန်းထံမှ သိရှိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက “ပြစ်မှုကျူးလွန်တဲ့ သူဟာ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ခန့်က ထုတ်ပယ်ထားတဲ့ ဝန်ထမ်းဟောင်း တစ်ဦးပါ၊ သူက ဒီလုပ်ငန်းကို ပြန်မှီခိုပြီး လုပ်စားနေတာ၊ မသိတဲ့ လူတွေအတွက် သူဟာ ဆေးရုံဝန်ထမ်းပါပဲ၊ ဒလမြို့ ကျန်းမာရေး ဝန်ထမ်းအိမ်ရာမှာ နေတာကလည်း သူ့ဆွေမျိုးတွေ ရှိနေလို့ မှီခိုကပ်နေတာပါ”ဟု ပြောကြားသည်။
Source : https://goo.gl/AFFWE7
via IFTTT

No comments:

Post a Comment