ခိုးဝင်ဘင်္ဂါလီ ၁၇ဦးကို အလုပ်နှင့်ထောင်ဒဏ် အသီးသီးချမှတ် ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရွှေပေါက်ကံမြို့သစ်တွင် အောက်တိုဘာလအတွင်းက ဖမ်းမိခဲ့သည့် ခိုးဝင်ဘင်္ဂါလီ ၁၇ဦးကို ယနေ့(နိုဝင်ဘာ ၂၁ရက်) မွန်းလွဲပိုင်းက မြောက်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။ ယင်းခိုးဝင် ဘင်္ဂါလီ ၁၇ဦးထဲမှ ၁၃ဦးကို ၁၉၄၇ခုနှစ်က ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရပြစ်မှုထင်ရှားသည်ဟုဆိုကာ ပုဒ်မ ၆(၂)/၆(၃)တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂နှစ်အပါအဝင် အသက်မပြည့်သေးသည့် ၁၆နှစ်အောက် ဘင်္ဂါလီ လေးဦးကို သီးခြားအရေးယူခဲ့ပြီး ၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေ ပုဒ်မ ၄၇(ဃ)အရ သန်လျင်မြို့နယ် လူငယ်သင်တန်းကျောင်း၌ ၂နှစ်တိတိ ထိန်းသိမ်းထားရှိရန် အမိန့်ချမှတ်သည်။ "အထောက်အထား သက်သေတစ်စုံတရာ မပါဘဲ ခိုးဝင်ရောက်ရှိလာကြောင်း ထင်ရှားနေလို့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အမိန့်ချခဲ့တာပါ"ဟု မြို့နယ်တရားသူကြီးကပြော ကြားသည်။ အဆိုပါ အမှုကိုမြောက်ဥက္ကလာပမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ ဦးမင်းသူက တရားလိုပြုလုပ်ကာ တရားရုံးထံ ဦးတိုက်လျှောက် တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ယခုနှစ် အောက်တိုဘာ ၂၂ရက် ည ၈နာရီခန့်တွင် ရွှေပေါက်ကံမြို့သစ် ၁၆ရပ်ကွက် အလောင်းဘုရားလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုတွင် မသင်္ကာဖွယ် ခိုးဝင်လာသည့် ဘင်္ဂါလီများ ရောက်ရှိနေသည်ဟု ပြည်သူတစ်ဦး၏ သတင်းပေးတိုင်တန်းခဲ့မှုကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ယင်းဘင်္ဂါလီအမျိုးသား ၁၇ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်၊ ရမ်းဗြဲ၊ မင်းပြားမြို့နယ်တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ခိုးဝင်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ သိရှိရသည်။
Source : https://goo.gl/Wh86KF
via IFTTT
No comments:
Post a Comment