မဟာရန်ကုန် ဖွံ့ဖြိုးရေး စီမံကိန်း ပြင်ဆင်ရေးဆွဲ ရန်ကုန်၊ နိုဝင်ဘာ ၂ဝ မြို့သစ်ဖော်ဆောင်ခြင်း အပါအဝင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသော ၂ဝ၄ဝ မဟာ ရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ပြန်လည်ပြင်ဆင် ရေးဆွဲလျက် ရှိကြောင်း ယင်းစီမံကိန်းရေးဆွဲသည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ သိရသည်။ “အရင်ကပုံစံနဲ့ အခုပုံစံက ကွာသွားတယ်။ ပြီးတော့ အခုက ယာဉ်ကြောကျပ်တည်းမှုတွေလည်း များလာတယ်လေ။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ခေတ်နဲ့ညီအောင် ပြန်ပြင်ဆင်ဆွဲပေးပါဆိုလို့ပါ” ဟု JICA ၏ မြန်မာနိုင်ငံအကြီးအကဲ Mr.Keiichiro Nakazawa က ပြောဆိုသည်။ ယင်းစီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့သစ်များ ချဲ့ထွင်တည်ဆောက်ခြင်း၊ မြို့ပတ်လမ်းများ တည်ဆောက်ခြင်း၊ အခြေခံအဆောက်အဦ တည်ဆောက်ခြင်းတို့ ပါဝင်သည်။ “ဒီစီမံကိန်းက သိပ်ပွင့်လင်းမြင်သာမှု မရှိဘူးဗျ။ မြို့သစ်ချဲ့တဲ့ နေရာမှာလည်း အရှေ့မြောက်ပိုင်းကို မဖြစ်မနေ ဦးစားပေး လုပ်တာတွေက မဖြစ်သင့်ဘူး” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ပညာရှင် ဦးမြင့်ဆွေက ဆိုသည်။ အဆိုပါ စီမံကိန်းအတွင်း ရေးဆွဲထားသည့် မြို့သစ်တိုးချဲ့မှုများတွင် အိမ်ရာမဲ့များ အတွက်လည်း ပါဝင်သင့်ပြီး ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ရေးဆွဲခြင်းသည် ကောင်းမွန်သည့်လုပ်ရပ် ဖြစ်သော်လည်း ပွင့်လင်းမြင်သာမှုရှိရှိ ချပြစေလိုကြောင်း ၎င်းက မှတ်ချက်ပြုသည်။ ၂ဝ၄ဝ မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို JICA က ၂ဝ၁၂ ခုနှစ် အတွင်းက ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် အတွင်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Source : https://goo.gl/4bNZZM
via IFTTT
No comments:
Post a Comment