ရန်ကုန်ဆေးရုံကြီးတွင် လူနာစောင့် ဟန်ဆောင်၍ ခိုးမှုကျူးလွန်သော အမျိုးသားကို ဖမ်းမိ ရန်ကုန် နိုဝင်ဘာ ၂၉ ရန်ကုန်ဆေးရုံကြီးတွင် လူနာစောင့် ဟန်ဆောင်၍ လူနာများထံမှ ပစ္စည်းနှင့်ငွေများလိုက်လံ ခိုးယူ နေသော အမျိုးသားတစ် ဦးကို နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၂နာရီခန့်က လုံခြုံရေးကင်မရာမှတဆင့် ရဲတပ်ဖွဲ့ဖြင့် ပူးပေါင်းဖမ်းမိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ခိုးယူမှု ကျူးလွန်သူမှာ သုံးခွမြို့နယ် နေထိုင်သူသော အသက် ၃၅နှစ် အရွယ်ရှိ ဦးမျိုးမင်းဦးဆိုသူဖြစ်ပြီး ယင်းညက ဆေးရုံကြီး အဆောင်အမှတ် ၅/၆ရှိ အမျိုးသမီး လူနာတစ်ဦးမှာ အိပ်ပျော်နေစဉ် ၎င်း၏ ပိုက်ဆံအိတ်ကို လူနာစောင့် အသွင်ချဉ်းကပ်ကာ ခိုးယူနေသည်ကို လုံခြုံရေးကင်မရာများမှ စောင့်ကြည့်နေသော ဆေးရုံကြီးလုံခြံုရေးဆိုင်ရာ အဖွဲ့နှင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ နေဝင်းသိန်းက ပြောကြားသည်။ "သူက အမြဲတမ်း လူနာစောင့်လိုမျိုး လာရောက် ခိုးယူနေသူပါ။ ကျွန်တော်တို့ သတိထားစောင့်ကြည့်နေတုန်း ဝင်ခိုးလို့ ဖမ်းမိတာပဲ။ အခု ရဲစခန်းကို အပ်လိုက်ပါပြီ" ဟု ၎င်းက ပြောကြားသည်။ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တစ်လလျှင် ပစ္စည်းခိုးယူမှု ၆ကြိမ်နှင့် ၁၀ကြိမ်ကြား ပုံမှန်ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်ဆေးရုံကြီး အပါအဝင် ခွဲစိပ်ကုသဆောင် (၅)ဆေးရုံသစ်ကြီးတို့တွင် CCTV ကင်မရာ အလုံး ၂၀၀ ဝန်းကျင်ဖြင့် စောင့်ကြည့် စစ်ဆေးလျက်ရှိရာ ညဉ့်နက်ပိုင်းတွင် လူနာများထံ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံများကို အကြိမ်ကြိမ် ခိုးယူလွှတ်မြောက်နေသည့် ၎င်းအမျိုးသားကို ဖမ်းမိခဲ့ဖြစ်ကြောင်း လသာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ "ဆေးရုံကြီးက လူနာတွေဆီ အမြဲလိုက်ခိုးနေတာပါ။ သူတို့မှာ အဖွဲ့ပုံစံရှိနိုင်တယ်။ အခုလည်း အခြားကျူးလွန်နိုင်ခဲ့တဲ့ အခြေအနေတွေကို စစ်ဆေးနေတယ်" ဟု ၎င်းရဲအရာရှိ ပြောကြားသည်။ အဆိုပါ ခိုးမှုကျူးလွန်ခဲ့သည့် အမျိုးသားကို လသာမြို့မရဲစခန်းက (ပ) ၂၃၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄တို့ဖြင့် အမှုဖွင့် စစ်ဆေးနေ ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ယင်းအပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ကိုင်ဖုန်း အပါအဝင် ပစ္စည်းနှင့်ငွေများ ခိုးယူခံရသော ဖြစ်စဉ်များ မြင့်တက်နေခြင်းကြောင့် ဆေးရုံတက်သည့် လူနာများအနေဖြင့် တန်ဖိုးကြီး ပစ္စည်းများနှင့် ပိုက်ဆံတို့ကို အလွယ်တကူ မထားရှိရန် သတိပေးစာများ ထုတ်ထားကြောင်း ထပ်မံသိရှိရသည်။
Source : https://goo.gl/ILiWBJ
via IFTTT
No comments:
Post a Comment