Wednesday, November 23, 2016

MOI Webportal Myanmar

မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအကြား နယ်နိမိတ်တိုင်းတာ ဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်း၍ မေးမြန်းစုံစမ်းမှုများ ရှိပါသဖြင့် အများပြည်သူ သိရှိနိုင်ပါရန် သတင်းဖြန့်ဝေ ဖော်ပြအပ်ပါသည်။ - မြန်မာ-ထိုင်းနယ်နိမိတ်အရှည်မှာ ၁၃၁၈ မိုင်ခန့်ရှိပြီး၊ နှစ်နိုင်ငံနယ်နိမိ်တ်ကို အင်္ဂလိပ်လက်ထက်က တိုင်းတာသတ်မှတ်ခဲ့့ပြီး၊ လွတ်လပ်ရေး ရပြီးနောက် ခေတ်မီနည်းစနစ်ဖြင့် ပြန်လည်တိုင်းတာရန် လိုအပ်ခဲ့ရာ၊ တာချီလိတ်-မဲဆိုင်နယ်စပ်ရှိ အရှည် ၃၆မိုင် မဲဆိုင်-မဲဟောက်ချောင်း နယ်နိမိတ်ကိုသာ ၁၉၉၁ ခုနှစ်တွင် ပြန်လည်တိုင်းတာနိုင်ခဲ့ပါသည်။ - ကျန်နယ်နိမိတ်အစိတ်အပိုင်းများ ပြန်လည်တိုင်းတာရန် ၁၉၉၃ခုနှစ်တွင် နှစ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့် ဦးဆောင်သည့် ပူးတွဲနယ်နိမိတ်ကော်မတီ (Joint Boundary Committee - JBC) ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သော်လည်း နယ်မြေလုံခြုံရေး အခြေအနေ အပါအဝင် အခြားအကြောင်း အမျိုးမျိုးကြောင့် တိုင်းတာနိုင်ခြင်း မရှိခဲ့ပါ။ - ၂၀၁၆ ခုနှစ် ဇွန်လအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း နယ်နိမိတ် ပြန်လည်တိုင်းတာရန် ကိစ္စကို ဆွေးနွေးခဲ့ပြီး၊ ယခုအခါ သံတမန်လမ်းကြောင်းမှ ညှိနှိုင်းမှုများ ပြန်လည် ပြုလုပ်နေပါသည်။ - နယ်နိမိတ်ကို အပိုင်းလိုက် တိုင်းတာရန်ရှိပြီး၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် နယ်နိမိတ်အား ကောင်းကင်မှ ဓာတ်ပုံရိုက် ကူးပြီး၊ မြေပုံထုတ်လုပ်သွားရန် ရှိပါသည်။ - ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ခုနှစ် ဧပြီလအထိ ပတ်ချန်မြစ်နှင့် ယင်း၏မြောက်ဘက် ကုန်းနယ်နိမိတ် စုစုပေါင်းအရှည် (၂၀၀)မိုင်ခန့်ကို ပူးတွဲ၍ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရန်ရှိပါသည်။ - ကောင်းကင်ဓာတ်ပုံ ရိုက်ကူးနေစဉ် နယ်နိမိတ် တိုင်းတာရေး သဘောတူညီချက် MoU (Agreed Framework) ကို နှစ်ဖက် ညှိနှိုင်းမည်ဖြစ်ပါသည်။ MoUလက်မှတ်ရေးထိုးပြီး၊ ကောင်းကင်ဓာတ်ပုံ Ortho-photo Maps များ ရရှိပြီးပါက ကွင်းဆင်းတိုင်းတာခြင်းနှင့် မှတ်တိုင်များ စိုက်ထူခြင်းနှင့် ပူးတွဲဆောင်ရွက်သွားရန် ရှိပါသည်။ - မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်းနယ်နိမိတ် ၁၀၁၇ မိုင်နှင့် ရေနယ်နိမိတ် ၃၀၁ မိုင်ရှိပြီး၊ မြစ်/ချောင်းနယ်နိမိတ်များမှာ- • မဲဆိုင်-မဲဟောက် (၃၆)မိုင် • သံလွင်(၇၀)မိုင် • သောင်ရင်း(၁၄၅)မိုင် • ပတ်ချန်(၅၀)မိုင် - နယ်နိမိတ်တိုင်းတာရေးအတွက် လုပ်ငန်း ပူးပေါင်း ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများမှာ- • နိုင်ငံခြားရေးဝန်ကြီးဌာန • ပြည်ထဲရေးဝန်ကြီးဌာန • ကာကွယ်ရေးဝန်ကြီးဌာန • ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) • မြေတိုင်းဦးစီးဌာန (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) တို့ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။ REF: Ministry of Foreign Affairs Myanmar
Source : http://ift.tt/2gke4lQ
via IFTTT

No comments:

Post a Comment