မော်ရင်ညိုကို ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ရန် ဂရေဟမ်ပူးလ် တိုက်တွန်း၊ မော်ရင်ညိုကြောင့် အိုးလ်ထရက်ဖို့ဒ်၏ ဂုဏ်သိက္ခာ ကျဆင်းလိမ့်မည်ဟု ကီအွန် သတိပေး မန်ချက်စတာ၊ နိုဝင်ဘာ ၂၈ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းတစ်ဦး ဖြစ်သည့် ဂရေဟမ်ပူးလ်သည် မန်ယူနည်းပြ မော်ရင်ညို မှတ်လောက်သားလောက် ဖြစ်သွားစေရန်အတွက် ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် အရေးယူသင့်ကြောင်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို တိုက်တွန်းလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။ မော်ရင်ညိုသည် မန်ယူနှင့် ဝက်စ်ဟမ်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ဟန်ဆောင်ဒိုင်ဗင်ထိုးသည်ဟု ဆိုကာ ကွင်းလယ်ဒိုင်လူကြီး ဂျွန်မော့စ်က အဝါကတ်ပြ သသတိပေးခဲ့သည်ကို ကွင်းနံဘေးရှိ ရေဘူးအား ဒေါသတကြီး ကန်ကျောက်၍ ဒေါသပေါက်ကွဲခဲ့သည့် အတွက် ပွဲကြည့်စင်သို့ မောင်းထုတ်ခြင်း ခံခဲ့ရပြီး ဒိုင်လူကြီးများ အပေါ်တွင် မော်ရင်ညို၏ အရိုအသေကင်းမဲ့မှုမှာ လက်သင့်ခံနိုင်ဖွယ် မရှိတော့ဟု ဂရေဟမ်ပူးလ်က ထောက်ပြသွားခဲ့သည်။ မန်ယူအသင်း ပရိသတ်များသည် ၎င်းတို့၏ နည်းပြကို ဒိုင်လူကြီးများက အငြိုးတကြီး ပစ်မှတ်ထား၍ နှိပ်ကွပ်နေသည်ဟု ယူဆလျက်ရှိပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်သည့် နည်းပြများစွာ ရှိသည့်အနက် မော်ရင်ညို တစ်ဦးတည်းကိုသာ ကွက်၍ အဆက်မပြတ် အရေးယူနေသည်မှာ သံသယဖြစ်ဖွယ် ကောင်းလှသည်ဟု မန်ယူပရိသတ်များက မှတ်ချက်ပေး ပြောကြားထားကြသည်။ မော်ရင်ညိုသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၌ ဒိုင်လူကြီး ဂျွန်မော့စ်ကို ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်ခဲ့ဖူးပြီး ဝက်စ်ဟမ်းက ချယ်လ်ဆီးကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်တွင် မော်ရင်ညိုက ဂျွန်မော့စ်ထံသို့ သွားရောက်၍ “ခင်ဗျားရဲ့ ဆုံးဖြတ်ချက်တွေက တလွဲတွေချည်းပဲ” ဟု ဝေဖန်ပြစ်တင်ခဲ့ဖူးသည်။ ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် အာဆင်နယ် နောက်ခံကစားသမားဟောင်း မာတင်ကီအွန်ကလည်း မော်ရင်ညို၏ အပြုအမူဆိုးများကြောင့် အိုးလ်ထရက်ဖို့ဒ်၏ ပုံရိပ ်မှေးမှိန်ကျဆင်းသွားမည်ကို စိုးရိမ်ရကြောင်း ထောက်ပြထားပြီး မော်ရင်ညိုကို အမူအကျင့် ထိန်းသိမ်းရန် မန်ယူအသင်း တာဝန်ရှိသူများက သတိပေးသင့်နေပြီ ဖြစ်ကြောင်း ကီအွန်က ဆက်လက်အကြံပြု သွားခဲ့သေးသည်။ ကီအွန်သည် ဒိုင်လူကြီး ဂျွန်မော့စ်၏ ဆုံးဖြတ်ချက်ကို မော်ရင်ညို ဒေါသပေါက်ကွဲခဲ့သော်လည်း ကာယကံရှင် ကစားသမားဖြစ်သူ ပေါ့ဂ်ဘာကမူ မည်သည့်ခံစားချက်မျိုးမျှ ထားရှိခြင်း မရှိခဲ့ဟု သုံးသပ်သွားခဲ့ပြီး ပွဲအပြီးတွင် ဒိုင်လူကြီး ဂျွန်မော့စ်နှင့် ပေါ့ဂ်ဘာတို့ ရယ်ရယ်မောမောဖြင့် စကားပြောဆိုနေကြသည့် မြင်ကွင်းမှာ ယင်းကိစ္စအတွက် အကောင်းဆုံး သက်သေပင် ဖြစ်သည်ဟု ကီအွန်က ပြောကြားသွားခဲ့သည်။
Source : https://goo.gl/c9JQ8q
via IFTTT
No comments:
Post a Comment