သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်ကို ကျပ်သန်း ၃၀ဝ၀ နီးပါး ကိုရီးယား ကူညီမည် ရန်ကုန်၊ နိုဝင်ဘာ ၂၁ ကျောင်းသူ၊ ကျောင်းသားများ၏ တီထွင် ဖန်တီးမှုများကို စမ်းသပ်ပုံဖော် လေ့ကျင့်နိုင်မည့် K-Lab တည်ထောင်မှုအတွက် ရန်ကုန်မြို့ သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်ကို ကိုရီးယားနိုင်ငံက ငါးနှစ်စာ ကျပ်သန်းပေါင်း ၂၇၀ဝ ကျော် ကူညီရန် သဘောတူထားကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစော စန္ဒာအေးက The Voice သို့ ပြောကြားသည်။ K-Lab တွင် ပြုလုပ်နိုင်မည့် အကြောင်းအရာနှင့် ပတ်သက်၍ “ကျောင်းသူ၊ ကျောင်းသားတွေက စက်ပစ္စည်းကို ဒီလို ပုံစံထုတ်လုပ်ဖို့ စဉ်းစားတယ်ဆိုရင် အဲဒီပုံစံ လုပ်ပြီး အစမ်း ထုတ်ကြည့်တာပေါ့။ ပြီးတော့မှ Business Model လုပ်ရင်တော့ ဒီထက် ကြီးတဲ့စက်တွေ လိုတယ်။ ဒါပေမဲ့ ကိုယ်ရဲ့ စိတ်ကူး၊ တီထွင်မှုကို အဲဒီလို လုပ်ကြည့်လိုက်ပြီးတော့ အစမ်း လုပ်ကြည့်တဲ့ သဘောပါ”ဟု ဒေါက်တာ စောစန္ဒာအေးက ပြောကြားသည်။ K-Lab တွင် 3D Printer, Laser Cuter, 3D Scanner, CNC Machine, Arduino အစရှိသော ပစ္စည်းများ ပါဝင်သည်။ ကျောင်းသား၊ ကျောင်းသူများ အနေနှင့် မိမိတို့ ဖန်တီးလိုသည့် ပစ္စည်း တစ်ခုခုကို ဒီဇိုင်း ပြုလုပ်လိုလျှင် ရှေ့ပြေးပုံစံအဖြစ် ဒီဇိုင်း ထုတ်လုပ်နိုင်မည့်အပြင် ပိုမို ကောင်းမွန်သော ထုတ်ကုန်အဖြစ် ဒီဇိုင်း ပြောင်းလဲမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်ထံမှ သိရှိရသည်။ K-Lab ကို ကိုရီးယားနိုင်ငံ Ministry of Science, ICT and Future Planning, KOICA, TIDE Institute, Korea Engineers Club စသည့် အဖွဲ့များက အမေရိကန်ဒေါ်လာ ၂,၁၁၄,ဝ၃၅ ဒေါ်လာ အကုန်အကျ ခံမည် ဖြစ်သည်။ K-Lab ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ကိုရီးယားနိုင်ငံ ကျွမ်းကျင်သူများက နည်းပညာဆိုင်ရာ လမ်းညွှန်မှုများလည်း ပေးမည် ဖြစ်သည်။ အဆိုပါ K-Lab ကို သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်မှ Embedded System, Computer System, Knowledge Engineering ဘာသာရပ် အထူးပြု ကျောင်းသား၊ ကျောင်းသူများ အသုံးပြုနိုင်မည့်အပြင် အခြား ကွန်ပျူတာ တက္ကသိုလ်များမှ ဖန်တီး စမ်းသပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများ ရှိလျှင်လည်း စမ်းသပ် လုပ်ကိုင်နိုင်ရေး ခွင့်ပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်ထံမှ သိရှိရသည်။
Source : https://goo.gl/VwXNGe
via IFTTT
No comments:
Post a Comment