Wednesday, November 23, 2016

The Voice

မြန်မာနိုင်ငံတွင် ကျင်းပနေသည့် ဆူဇူကီးဖလားပွဲမှ မလေးရှားအသင်း နုတ်ထွက်ဖွယ်ရှိ ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၃ မလေးရှား လူငယ်နှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ခိုင်ရီဂျမားလွတ်ဒင်သည် မြန်မာအစိုးရအာဏာပိုင်များက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမွတ်ဆလင်များ (မူရင်းသတင်းများတွင်မူ ရိုဟင်ဂျာ မွတ်ဆလင်များဟု ရေသားထား) ကို ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟု စွပ်စွဲကာ ယင်းကိစ္စကို မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ဆူဇူကီးဖလားပြိုင်ပွဲမှနေ၍ မလေးရှားလက်ရွေးစင် ဘောလုံးအသင်း နုတ်ထွက်ခြင်းဖြင့် ဆန္ဒပြရန် မလေး ရှားအစိုးရအဖွဲ့ကို ၎င်းက တောင်းဆိုထားကြောင်း Free Malaysia Today က ဖော်ပြထားသည်။ ၀န်ကြီး ဂျမားလွတ်ဒင်သည် မလေးရှားအသင်းကို ဆူဇူကီးဖလားပြိုင်ပွဲမှနေ၍ နုတ်ထွက်ခိုင်းခြင်းဖြင့် မြန်မာအစိုးရကို သပိတ်မှောက်သင့်ကြောင်း အဆိုအား လွန်ခဲ့သည့်သီတင်းပတ်ကတည်းကပင် တင်ပြခဲ့ခြင်းဖြစ်ကာ လာမည့်သောကြာနေ့တွင်မူ ၎င်း၏အဆိုအတွက် အပြီးသတ် ဆုံးဖြတ်ချက် တစ်ခု ထွက်ပေါ်လာနိုင်လိမ့်မည်ဟု ဂျမား လွတ်ဒင်က မျှော်လင့်ထားသည်။ ဝန်ကြီးဂျမားလွတ်ဒင်သည် ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် “ဆူဇူကီးဖလားပြိုင်ပွဲကနေ မလေးရှား အသင်းနုတ်ထွက်သင့်တဲ့အကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျွန်တော်တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အဲ့ဒီကိစ္စအတွက် တာဝန်ရှိသူတွေ အပြီးသတ်ဆွေးနွေးသွားကြတော့မှာပါ။ သိပ်မကြာခင်မှာ အဖြေတစ်ခုကို သိကြရပါလိမ့်မယ်”ရေးသားထားပြီး ဝန်ကြီးဂျမားလွတ်ဒင်၏ အစိုးရအဖွဲ့ထံ တင်ပြထားသော ယင်းကိစ္စကို Lembah Pantai ခရိုင် အမျိုးသမီးဝန်ကြီး တစ်ဦးဖြစ်သည့် နူရယ်လ် အစ်ဇ်ဇားအန်ဝါးကလည်း ထောက်ခံထားသည်။ မလေးရှားအသင်းသည် လက်ရှိတွင် ဆူဇူကီးဖလားပြိုင်ပွဲ၌ အုပ်စုပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်ကာ အဆိုပါပွဲစဉ် နှစ်ပွဲတွင် မလေးရှားက ကမ္ဘောဒီးယားကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ်ကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။ မလေးရှားသည် လာမည့်စနေနေ့တွင် ပူးတွဲအိမ်ရှင် မြန်မာအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ရလိမ့်မည် ဖြစ်ကာ ဝန်ကြီး ဂျမားလွတ်ဒင်၏ ရည်ရွယ်ချက်မှာ မြန်မာအသင်းနှင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခြင်း မပြုဘဲ သပိတ်မှောက်လိုခြင်း ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။
Source : https://goo.gl/wIPG1a
via IFTTT

No comments:

Post a Comment