Monday, November 21, 2016


ပြည်ထောင်စုလမ်းမကြီး လမ်းပိတ်ဆို့မှု ရှင်းလင်းပြီး ဖြစ်ဟုဆို KIA နှင့် TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက မူဆယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာရှိ နမ့်အွန်ကျေးရွာအဝင် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ခရီးသည်နှင့် ကုန်တင်ယာဉ်များ သွားလာ၍ မရစေရန် ယာဉ်များပိတ်ဆို့ထားရှိခဲ့မှုကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်ရာ ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။ ထိုသို့ ပိတ်ဆို့ထားရာတွင် ၂၂ ဘီး တွဲကားလေးစီး၊ ၁၂ ဘီးကား တစ်စီး၊ ဆီဘောက်စာ တစ်စီးတို့ကို ခြိမ်းခြောက်အသုံးပြု၍ ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်ပြီး ကားသော့များကို ဖြုတ်ယူ သိမ်းဆည်းသွားခဲ့မှုကြောင့် နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီခွဲမှ စတင်၍ လမ်းများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ လမ်းပိတ်ဆို့ထားသည့် နေရာသို့ တပ်မတော်စစ်ကြောင်းနှင့် ပြည်သူလူထု ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက် ၉နာရီခွဲတွင် ပိတ်ဆို့မှုအား ရှင်းလင်းနိုင်ခဲ့ပြီး ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယနေ့ နံနက် ၅ နာရီခွဲကလည်း နမ္မတူမြို့နယ် နမ္မတူ-ဘော်တွင်းသွား ကားလမ်း နမ္မတူ မြို့မရဲစခန်း အနောက်မြောက်ဘက် ကိုးမိုင်ခန့် အကွာရှိ သစ်သားတံတား ကမ်းကပ်ခုံ ပေ ၆၀×၄၀နှင့် ရေလယ်တိုင် ကျောက်စီ၊ သံယက်မ၊ အပေါ်ထည် သစ်သားကြမ်းခင်းတံတား ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကြမ်းခင်းအစိတ်အပိုင်းအချို့ ပျက်စီးခဲ့ပြီး ယာဉ်များသွားလာ၍ မရကြောင်း၊ TNLA/KIA/MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့ အင်အား ၁၀၀ ကျော်ခန့်က ယနေ့ နံနက် ၆ နာရီတွင် မူဆယ်မြို့နယ် ပန်ဆိုင်း နယ်မြေရဲစခန်းအား ရဲစခန်း၏ အနောက်ဘက် တစ်ဖာလုံခန့်အကွာ တောင်ကုန်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ
Source : https://goo.gl/p50SF4
via IFTTT

No comments:

Post a Comment