ကျီးမနိုးပွဲည အိမ်ပေါ်တက်ခိုးသည့် လူငယ်အဖွဲ့က အိမ်ရှင်သားအမိကို ဓားဖြင့်ထိုး ရန်ကုန်၊ နိုဝင်ဘာ ၁၆ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းဟောင်း အိမ်ရာတွင် နိုဝင်ဘာလ ၁၅ ရက် ညသန်းခေါင်ချိန် (ကျီးမနိုးပွဲည) က နေအိမ်ပေါ်တက် ပစ္စည်းခိုးယူနေသော လူငယ်အဖွဲ့က ၎င်းတို့ကို မြင်တွေ့သွားသည့် အိမ်ရှင်သားအမိကို ဓားဖြင့်ထိုး ထွက်ပြေးခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ယုနိုင်က ပြောကြားသည်။ “သူခိုးကြီးည စနောက်သလိုနဲ့ နေအိမ်ထဲဝင်ပြီး ပစ္စည်းခိုးတာ၊ အိမ်ရှင်မိသားစုက သူတို့ကို မြင်သွားလို့ ဓားနဲ့ထိုးပြီး ထွက်ပြေးချိန် လှည့်ကင်းအဖွဲ့နဲ့ ရပ်ကွက်နေသူတွေက ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ၊ နှစ်ယောက်ကို မိခဲ့ပြီး တစ်ယောက် လွတ်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ဓားထိုးခံရသည့် သားအမိမှာ ယင်းအိမ်ရာဝင်းရှိ နှစ်ထပ်အဆောက်အအုံတွင် နေထိုင်ကြပြီး သူခိုးကြီးည နေအိမ်ထဲ ဝင်ရောက်ပြီး ပစ္စည်းများ ခိုးယူနေသော လူငယ်အမျိုးသား သုံးဦးကို အသက် ၅၀ ဝန်းကျင်ရှိ အိမ်ရှင်အမျိုးသမီးက မြင်တွေ့ခဲ့သောကြောင့် ယင်းလူငယ်အဖွဲ့မှ အမျိုးသားတစ်ဦးက ဓားဖြင့် ပြေးထိုးခဲ့ကြောင်း၊ ယင်းဓားထိုးမှု ဖြစ်စဉ် အိမ်ရှင်အမျိုးသမီး၏ အော်ဟစ်သံကို ကြားမိသော ၎င်းသားဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသားက အိပ်ခန်းထဲမှ ပြေးထွက်လာစဉ် ၎င်းကိုပါ လူငယ်အဖွဲ့က ဓားဖြင့် ထိုးခဲ့ကြောင်း အင်းစိန်မြို့မ ရဲစခန်းထံမှ သိရှိရသည်။ ဓားဖြင့် ထိုးခံရသော အိမ်ရှင်အမျိုးသမီး၏ ဝမ်းဗိုက်နှင့် ဘယ်ဘက်ခါးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီနှင့် ၎င်း၏ သားဖြစ်သူ ခါးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့သောကြောင့် အင်းစိန်ဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး ပြစ်မှုကျူးလွန်ခဲ့သည့် လူငယ်သုံးဦးမှာ ဖမ်းမိခဲ့သော အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် အမျိုးသားနှစ်ဦးနှင့် လွတ်မြောက်နေသူ တစ်ဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၄၅၉ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Source : https://goo.gl/4MVeaF
via IFTTT
No comments:
Post a Comment