အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ထရမ့်နှင့် မဟာမိတ် ဖြစ်ခွင့်ရရန် ဆီးရီးယား မျှော်လင့် ဒမ္မစကတ်၊ နိုဝင်ဘာ ၁၆ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က အမေရိကန်သမ္မတ အဖြစ် ရွေးချယ်ခံထားရသူ ဒေါ်နယ်ထရမ့်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် မဟာမိတ် ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။ ထရမ့်သည် မဲဆွယ်ကာလကတိ ကဝတ်အတိုင်းသာ လုပ်ဆောင်မည် ဆိုပါက အလိုအလျောက် မဟာမိတ် ဖြစ်လာမည် ဖြစ်ကြောင်း၊ သို့ရာတွင် ထရမ့်သည် သူ့ကတိအတိုင်း လုပ်ဆောင်မည်လော ဆိုခြင်းကိုမူ သံသယ ရှိနေဆဲ ဖြစ်သည်ဟု အာဆတ်က ပြောကြားခဲ့သည်။ ဆီးရီးယား အစိုးရတပ်များကိုရော IS စစ်သွေးကြွများကိုပါ ဆန့်ကျင်တိုက်ခိုက်ခြင်းမှာ ရူးသွပ်မှု ဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့ဖူးပြီး ဆီးရီးယား အစိုးရနှင့် တိုက်ခိုက်ခြင်းမှသည် ရုရှားနှင့်ပါ တိုက်ခိုက်ရသည့် အခြေအနေသို့ ဦးတည်သွားမည်ဟု သတိပေးခဲ့ဖူးသည်။ ဆီးရီးယား၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကာ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သုံးပတ်အတွင်း ပထမဆုံးအကြိမ် အဖြစ် သူပုန်များ ထိန်းချုပ်ထားသည့် အလက်ပိုမြို့ အရှေ့ပိုင်းခရိုင်များကို အစိုးရက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားအရေး လှုပ်ရှားသူများက ပြောကြားသည်။ ၂၀၁၁ ခုနှစ် မတ်လတွင် စတင်ဖြစ်ပွားခဲ့သော ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူ ၃၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ပေါ်တူဂီ RTP နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် အာဆတ်က “သူဘာလုပ်မလဲ ဆိုတာတော့ ကျွန်တော်တို့ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ သူသာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ မဟာမိတ် ဖြစ်လာနိုင်ပါတယ်။ ရုရှားတွေ၊ အီရန်သားတွေနဲ့ တခြားနိုင်ငံတွေလိုမျိုးပဲ အလိုအလျောက် မဟာမိတ် ဖြစ်လာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ IS ကိုသာ အာရုံစိုက် နှိမ်နင်းသွားမည ်ဆိုသော ထရမ့်၏ ကတိကဝတ်မှာ အားရစရာ ကောင်းသော်လည်း ထိုကတိကို အကောင်အထည်ဖော်မလား ဆိုသည်မှာမူ မေးခွန်းထုတ်စရာ ကောင်းကြောင်း အာဆတ်က ပြောကြားခဲ့သည်။ “သူ့အစိုးရအဖွဲ့ထဲက တန်ပြန်အားပြိုင်နိုင်တဲ့ အင်အားစုတွေ၊ သူ့ကို ဆန့်ကျင်နေကြတဲ့ ပင်မမီဒီယာ ရေစီးကြောင်းတွေကို သူ ဘယ်လိုရင်ဆိုင်မလဲ။ ဒါကြောင့် ကျွန်တော်တို့ကတော့ သံသယ ရှိနေဆဲပါ။ ဒါကြောင့် သူဘယ်လိုလူလဲ ဆိုတာ ဆုံးဖြတ်ဖို့ အရမ်းသတိထားနေရတာပါ” ဟု အာဆတ်က ပြောကြားခဲ့သည်။ လက်ရှိ အမေရိကန်အစိုးရ၏ မူဝါဒမှာ IS နှင့် အခြား ဂျီဟတ်ဝါဒီများကို တိုက်ခိုက်ပြီး အာဆတ်ကို ဆန့်ကျင်သော သဘောထား အလယ်အလတ်ရှိ သူပုန်များကို ထောက်ခံ ပံ့ပိုးရေး ဖြစ်သည်။ အာဆတ်ကမူ ထိုသူပုန်အုပ်စုများကိုပါ အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ထားသည်။ ထရမ့်သည် အာဆတ်ကို တိုက်ခိုက်နေသော သူပုန်များအပေါ် အမေရိကန်၏ ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းပစ်ဖွယ် ရှိကြောင်း နယူးယောက်တိုင်းမ် သတင်းစာကဲ့သို့သော အမေရိကန် မီဒီယာများက ခန့်မှန်းထားကြသည်။ ထရမ့်က ထိုသူပုန်များမှာ မည်သူမည်ဝါ မည့်သည့်ဘက်မှ ဖြစ်ကြောင်းကို မသိနိုင်ဟု ပြောထားခဲ့ဖူးသည်။ ဆီးရီးယား အစိုးရကို တိုက်ခိုက်ခြင်းမှသည် ရုရှားကို တိုက်ခိုက်သည့် အခြေအနေသို့ ဦးတည်သွားနိုင်သည်ဟု ထရမ့်ကို ပြောထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို နှစ်သက်ကြောင်းလည်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ဖူးသူ ဖြစ်သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဝါရင့်ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ထရမ့်၏ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရေး ကြိုးစားမှုကြောင့် ဆီးရီးယား ပြည်သူများ သတ်ဖြတ်ခံရနိုင်ကြောင်း သတိပေးထားသည်။ အာဆတ်က အမေရိကန်၏ လက်ရှိမူဝါဒကို ဝေဖန်ထားပြီး “သူတို့တွေက ကမ္ဘာ့ပုလိပ်ကြီးတွေလို့ သူတို့ဘာသာ ထင်နေတာ။ ကမ္ဘာကြီးရဲ့တရားသူကြီးတွေလို့ သူတို့ကိုယ် သူတို့ ထင်နေတာ။ တစ်ကယ်တော့ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ အာဆတ်က တူရကီသမ္မတ ရီဆက်တာယစ်အာဒိုဂန်သည် စိတ်မနှံ့သူဖြစ်ပြီး တစ်ကယ့်အခြေအနေမှန်နှင့် ကင်းကွာနေသော အာဏာရူးတစ်ယောက် ဖြစ်သည်ဟုလည်း ထိုးနှက်ခဲ့သည်။ တူရကီသည် ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင်ဆင်နွှဲနေပြီး အာဆတ်ကို ဆန့်ကျင်သော သူပုန်များကို ထောက်ပံ့ပေးထားသည်။ အလက်ပိုမြို့တွင်းမှ အရပ်သားများ ထွက်ခွာနိုင်ရေးအတွက် ဆီးရီးယားအစိုးရနှင့် မဟာမိတ် ရုရှားတို့က ထိုးစစ်ကို သုံးပတ်ကြာ ရပ်ဆိုင်းပေးထားခဲ့ပြီးနောက် ယခုအခါ ပြန်လည်စတင်နေပြီ ဖြစ်သည်။ နေရာအများအပြား ထိမှန်ပြီး လူငါးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်သည်။ အလက်ပိုအပြင် အစ်ဒလစ်ဘ်ပြည်နယ် ဆာရာကတ်မြို့ကိုလည်း ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ပြီး ရုရှားစစ်လေယာဉ်များသည် အရီဟာ၊ အီဆင်၊ ခန်ရှိတ်ဟွန်နှင့် တာလ်နာဘီအယွတ်ဘ် မြို့များကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု အတိုက်အခံကွန်ရက်တစ်ခု ဖြစ်သည့် ပြည်တွင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ထုတ်ပြန်သည်။
Source : https://goo.gl/D1yNKe
via IFTTT
No comments:
Post a Comment