Thursday, November 24, 2016

The Voice

မူဆယ် - လားရှိုး လမ်းဖြတ်ယာဉ်များ ဖောက်ခွဲမည်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ခြိမ်းခြောက်ဟုဆို မူဆယ်၊ နိုဝင်ဘာ ၂၃ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် (လားရှိုး - မူဆယ် လမ်းပိုင်း) သွားလာနေသည့် မော်တော်ယာဉ်များကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုက တားဆီးပိတ်ဆို့ကာ သော့များကို သိမ်းယူ၍ ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ကိုယ်တွေ့ ကြုံခံရသူနှင့် ဒေသခံ ခရီးသွားများထံမှ စုံစမ်း သိရှိရသည်။ ယင်းသို့ မော်တော်ယာဉ်များကို တားဆီး ပိတ်ဆို့ကာ ကန့်လန့် ထိုးထားပြီး သော့များ သိမ်းယူထားခြင်းသည် တပ်မတော် စစ်ကြောင်းများကို ပိတ်ဆို့စေရေးအတွက် ကြားခံဒိုင်းသဖွယ် သုံးချနေခြင်းဖြစ်ကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁ဝ နာရီခန့်က မူဆယ်- လားရှိုး ပြည်ထောင်စု လမ်းမကြီးအပိုင်း မူဆယ်မှ အထွက် မိုင်းယုတောင်ကြောပေါ် တာလုံနှင့် မော်တောင်းကြား တောင်အကွေ့တစ်ခုတွင် TNLA လက်နက်ကိုင် အဖွဲ့က ခရီးသည်ယာဉ်များ၊ ၁၂ ဘီး ယာဉ်များကို တာဆီးပြီး လမ်းပေါ် ကန့်လန့် ထိုးထားကာ ယာဉ်ကြီးများ၏ သော့များကို သိမ်းယူထားကြောင်း၊ စစ်တပ် ရောက်ရှိလာပါက ပိတ်ရပ် ထားသည့် မော်တော်ယာဉ်များကို ဖောက်ခွဲ ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း မူဆယ်- ကွတ်ခိုင် နေ့ချင်းပြန် ယာဉ်မောင်းနှင်သူ ဦးပြည့်စုံက ပြောကြားသည်။ လက်နက်ကိုင် TNLA အဖွဲ့မှာ နေ့စဉ် ပြည်ထောင်စုလမ်းပေါ် သွားလာနေသည့် မော်တော်ယာဉ်များကို လမ်းပေါ်၌ ကန့်လန့်ထားပြီး ကားသော့ ဖြုတ်ယူကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း၊ စစ်တပ်မှ လမ်းကြောင်း ရှင်းရန် လိုက်လာခြင်းနှင့် စစ်ကြောင်းများ ဖြတ်သန်းသွားလာခြင်း အခက်အခဲ ဖြစ်အောင် ပိတ်ဆို့ထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုသည် နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၈ နာရီက ကွတ်ခိုင်နှင့် မူဆယ်အကြား နမ့်နိုင်ကျေးရွာ လမ်းပေါ်တွင် ၂၂ ဘီး ယာဉ်ကြီး တစ်စီး၊ ဆီဘောက်ဆာ တစ်စီး၊ ၁၂ ဘီးယာဉ် လေးစီးတို့ကို လမ်းမပေါ်တွင် ကန့်လန့်ပိတ် ထားစေပြီး ကားသော့များ ဖြုတ်ယူခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ကလည်း မော်တော်ယာဉ် တစ်စီးပေါ်တွင် သေနတ် ဒဏ်ရာဖြင့် ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ယာဉ်မောင်းများထံမှ သိရသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီတွင် ကွတ်ခိုင်- မူဆယ်လမ်းအပိုင်း နမ့်ကွတ်ကျေးရွာ လမ်းပေါ်တွင် ဖရဲသီးများ တင်ဆောင်လာသည့် ၁၂ ဘီး မော်တော်ယာဉ် တစ်စီးကိုလည်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ယာဉ်ပေါ်မှ ဆင်းခိုင်းပြီး မော်တော်ယာဉ်ကို ဖောက်ခွဲခဲ့ကြောင်း ယင်းမော်တော်ယာဉ် မောင်းနှင်သူဆိုသူ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ AA/ TNLA/ MNDAA/ KIA ပေါင်းထားသည့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်နှင့် မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်း ဒေသများကို တိုက်ခိုက်လျက်ရှိရာ နယ်မြေခံ တပ်ရင်းများက လိုက်လံ ချေမှုန်းနေကြောင်း၊ တပ်မတော်က ချေမှုန်းချိန်တွင် ကြန့်ကြာစေရန်အတွက် လမ်းကြောင်းပေါ်ရှိ မော်တော်ယာဉ်များကို ပိတ်ဆို့ကာ ဒိုင်းသဖွယ် ခုခံနေခြင်း ဖြစ်ကြောင်း မူဆယ်မြို့ရှိ မော်တော်ယာဉ် အသင်းမှ ဂိတ်မှူး ဦးအောင်က ပြောဆိုသည်။ ကုန်စည် စီးဆင်းမှုကို မလိုလားသဖြင့် ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်း မရှိစေရန် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုဇုန်ကို ဖျက်ဆီးလိုက်ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်သွားစေရန် ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်းများ သွားလာမှုကို ဟန့်တားစေရန် တံတားများ ချိုးခြင်းစသည်တို့ လုပ်ဆောင်ရာတွင် မော်တော်ယာဉ်များကို ဒိုင်းသဖွယ် ကာရံနေခြင်း ဖြစ်ကြောင်း ဒေသခံများအကြား ဝေဖန် ပြောဆိုလျက် ရှိသည်။ လက်ရှိ အခြေအနေတွင် လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီး အပိုင်းတွင် ကုန်တင်၂၂ ဘီးယာဉ်ကြီးများမှာ နမ့်ပေါ့ တံတား ပေါက်ပြဲခြင်းနှင့် သိန်းနီ တံတား ကြမ်းခင်းများ ပေါက်ပြဲနေခြင်း တို့ကြောင့် သွားလာနိုင်ခြင်း မရှိသော်လည်း မသွားမဖြစ် သွားလာနေရသူများကို ဆက်ကြေး တောင်းခံခြင်းများ ရှိနေကြောင်း ဒေသခံ မော်တော်ယာဉ်မောင်းများထံမှ သိရသည်။
Source : https://goo.gl/sXCFNV
via IFTTT

No comments:

Post a Comment