Tuesday, November 22, 2016

Eleven Media Group

မူဆယ်မြို့ ရဲစခန်းတိုက်ခိုက်ခံရပြီး နိုဝင်ဘာ ၂၁ ရက် ညပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြားသည်။ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မူဆယ်မြို့မ ရဲစခန်းအား လက်နက်ကိုင်အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး မသိရှိရသေးကြောင်း မူဆယ်မြို့တွင် တာဝန်ကျနေသည့် အစိုးရဝန်ထမ်း တစ်ဦးက ပြောကြားသည်။ “၈ နာရီ ၄၅ မိနစ်လောက်က ဖြစ်သွားတယ်။ ရဲစခန်းကို ပစ်ပြေးတဲ့ပုံစံမျိုး လုပ်သွားတာ။ ငါးမိနစ်၊ ၁ဝ မိနစ်လောက်တော့ကြာတယ်။ အပြင်တော့ ကျွန်တော်တို့မပြောနဲ့။ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ အသေအပျောက်ကတော့ မသိရသေးဘူး” ဟု ၎င်းက ပြောကြားသည်။ ထိုသို့တိုက်ခိုက်မှုမှာ မိနစ်အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီး အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အနေအထားများကို မသိရှိနိုင်သေးကြောင်း မူဆယ်မြို့ခံများက ပြောကြားသည်။ “ပထမကြားရတာ လက်နက်ကြီးနဲ့ ပစ်တဲ့အသံပဲ။ အဲဒါသုံးလေးချက်လောက် ကြားရတယ်။ နောက်တော့ ပြန်တိတ်သွားတယ်။ အဲဒီလိုဖြစ်တာက ဒီတစ်ညတည်းမှာကို သုံးခါလောက် ဖြစ်သွားတာ။ မြို့ပေါ်မှာ ချည်းပဲဖြစ်တာ။ လတ်တလောကတော့ မီးကလည်းပျက်နေတော့ အပြင်မှာ ဘယ်သူမှလည်း မရှိကြဘူး။ နောက်ပြီးတော့ သက်ဆိုင်ရာတွေကလည်း ည ၈ နာရီနောက်ပိုင်း မထွက်ရအမိန့် ထုတ်ထားတော့ ဘယ်သူမှ မရှိကြဘူး။ နေ့လယ်ကလည်း ကားအသွားအလာတွေ မရှိတော့ဘူး။ ပိတ်မိနေတဲ့ ကုန်ကားတွေကလည်း အများကြီးပဲ။ အခုတော့ မြန်မြန်ပြီးပါစေပဲ ဆုတောင်းနေရတယ်” ဟု မူဆယ်မြို့အခြေစိုက် ချမ်းသာအောင် ခရီးသည်ပို့ဆောင်ရေး ယာဥ်လိုင်းမှ ကိုဝင်းလွင်က ပြောကြားသည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အတည်ပြုချက် ရယူနိုင်ရန် မူဆယ်မြို့မရဲစခန်းသို့ နိုဝင်ဘာ ၂၁ ရက် ည ၁ဝ နာရီ ခန့်က ဖုန်းဖြင့်ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ချေ။ အလားတူ (၁ဝ၅) မိုင် ကုန်သွယ်ရေးစခန်းနှင့် မူဆယ်မြို့ကြားရှိ ဂျင်ဆန်းဂျော့လမ်းဆုံတွင် မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီရေးအသင်း၊ (၁ဝ၅) မိုင် ပါရမီလူမှုကူညီရေး အသင်းတို့၏ မှန်လုံမော်တော်ယာဥ် နှစ်စီးအား နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခံရပြီး လူနာတင်ယာဥ်ပေါ်ပါ လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မေတ္တာမွန်ပါရမီ နာမှုကူညီရေးယာဥ်မောင်း ကိုစည်သူ၏ ပြောကြားချက်အရ သိရသည်။ “ကျွန်တော်တို့အဖွဲ့က ဂျင့်ဆန်းဂျော့ လမ်းဆုံအလွန်မှာ ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီနေ့ညနေ သွားခေါ်တုန်း မူဆယ်ဘက်ကအလာ လမ်းဆုံအကျော်လေးမှာ လက်နက်ကိုင်အဖွဲ့က လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ထွက်ပြေးသွားတယ်။ ကားပေါ်မှာ ကျွန်တော်အပါအဝင် ခုနစ်ယောက်ပါတယ်။ ပစ်တာ ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး။ ကျွန်တော်တို့ကားထဲမှာ ဝပ်ပုန်းနေခဲ့လို့ သက်သာသွားတာ။ တစ်ယောက်တော့ ထိသွားတယ်။ အခု မူဆယ်ဆေးရုံကို သွားပို့နေပါတယ်” ဟု မေတ္တာပါရမီ လူမှုကူညီရေး အသင်းမှ ယာဥ်မောင်းကိုစည်သူက ပြောကြားသည်။ အဆိုပါ လူမှုကူညီရေး မော်တော်ယာဥ် နှစ်စီးမှာ လွယ်အင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင် စစ်ဘေးရှောင် ဒုက္ခသည်များ ရောက်ရှိနေကြောင်း ကြားသိရပြီးနောက် အကူအညီများပေးရန် သွားရောက်စဥ် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက ဘုရားကုန်းလမ်းနံဘေး တောင်ကုန်းမှ လက်နက်ငယ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကလည်း ထုတ်ပြန်ထားသည်။ ပစ်ခတ်မှုကြောင့် ယာဥ်မောင်းဦးလင်းပု မောင်းနှင်လာသည့် မေတ္တာမွန် လူမှုကူညီရေးအသင်း ယာဥ်ပေါ်တွင် လိုက်ပါလာသော ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ်အသင်းမှ ကိုရဲမင်းအောင် (၂၃ နှစ်) ၏ ဝဲဘက်ရင်ဘတ်ဘေး ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆက်လက် သွားရောက်ခြင်း မပြုနိုင်ဘဲ ဒဏ်ရာရရှိသူနှင့်အတူ မူဆယ်မြို့သို့ ပြန်လှည့်လာခဲ့ပြီး ညနေ ၄ နာရီခွဲတွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင် တပ်ဖွဲ့များသည် နိုဝင်ဘာ ၂ဝ ရက်တွင် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး စခန်းအား စတင်တိုက်ခိုက်ခဲ့ပြီး ထိုသို့ဝင်ရောက် တိုက်ခိုက်မှုကြောင့် ပြည်သူများအနေဖြင့် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကာ လက်ရှိ မူဆယ်စစ်ဘေး ဒုက္ခသည်စခန်းတွင် လူ ၁ဝဝဝ ကျော် ခိုလှုံလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ Writer: ဇော်မင်းနိုင်၊ ရန်ပိုင်
Source : http://ift.tt/2gDIsLV
via IFTTT

No comments:

Post a Comment