ကာရာအိုကေနှင့် အနှိပ်ခန်းများ အရေးယူမည်ဟု ရန်ကုန်နယ်လုံ ပြောကြား ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရန်ကုန် တိုင်းဒေသကြီးအတွင်း တည်းခိုခန်း၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ လိုအပ်သည်ထက် ပိုမို များပြားနေပြီး အမျိုးသမီးငယ်များအတွက် အန္တရာယ် ရှိနေသည်ဆိုသော ကိစ္စကို သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်၍ အရေးယူ ဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောဆိုသည်။ နိုဝင်ဘာလ ၂၂ ရက်က ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားရှိသော ကပွဲများ၊ အနှိပ်ခန်းများ၊ ကာရာအိုကေခန်းများ မည်မျှ ခွင့်ပြုထားပြီး စည်းကမ်းနှင့် မညီညွတ်သော အခန်းများအား မြန်မာ အမျိုးသမီးငယ်များအတွက် အစိုးရက ကြိုတင် စောင့်ရှောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်း မေးမြန်းရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီး၏ မြို့နယ်များတွင် တည်းခိုခန်းများသည် သာမန် လိုအပ်ချက်ထက် များပြားနေပြီး ယင်း တည်းခိုခန်းများနှင့် ပတ်သက်၍ မိဘများထံမှ အသိပေး တိုင်ကြားမှုများ အများအပြား ရရှိခဲ့ပြီး ယင်းထဲတွင် ဘဝပျက်သွားသည့် အမျိုးသမီးငယ်များလည်း ရှိလာကြောင်း ဦးညီညီက ဆိုသည်။ “တည်းခိုခန်းဆိုတာ လိုအပ်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက် ပိုများနေတာတော့ အရွယ် မရောက်သေးတဲ့ အမျိုးသမီးငယ်တွေကို ကျူးလွန်ဖို့ အားပေး အားမြှောက် ဖြစ်နေတယ်။ တည်းခိုခန်းတိုင်းကိုတော့ မဆိုလိုပါဘူး တောင်ဒဂုံတို့၊ ဒဂုံအရှေ့တို့၊ ဒဂုံမြောက်ပိုင်းတို့၊ ဒဂုံဆိပ်ကမ်းတို့မှာ သာမန်ထက် လွန်ကဲသော တည်းခိုခန်းပေါင်း များစွာ ရှိတာကို တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် တည်းခိုခန်းပေါင်း ၄၀ဝ ခန့် ဖွင့်လှစ်ထားကြောင်း တိုင်း အစိုးရထံမှ သိရသည်။
Source : https://goo.gl/whlvpv
via IFTTT
No comments:
Post a Comment