ထရမ့်ကြောင့် iPhone ကို ပြည်တွင်းထက် ပြည်ပတွင် ပိုပြီးထုတ်လုပ်ရန် Apple စီစဉ်ဟုဆို ဝါရှင်တန်၊ နိုဝင်ဘာ ၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် ရွေးကောက်တင်မြှောက်ခြင်း ခံလိုက်ရသောကြောင့် ဆီလီကွန်တောင်ကြား နည်းပညာရပ်ဝန်းတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ခဲ့ပြီး iPhone ထုတ်လုပ်နေသည့် Apple ကုမ္ပဏီ အနေနှင့်လည်း ပြည်တွင်းထက် ပြည်ပနိုင်ငံများတွင်သာ ထုတ်လုပ်ရန် ပိုပြီးခိုင်မာသွားပြီ ဖြစ်ကြောင်း Nikkei Asian Review သတင်းတွင် ဖော်ပြထားသည်။ Apple ကုမ္ပဏီသည် iPhone ထုတ်လုပ်ရေးအတွက် အာရှမှ မိတ်ဖက်နိုင်ငံများနှင့် လက်မှတ်များရေးထိုးပြီး ထုတ်လုပ်မှုလုပ်ငန်း အားလုံးကို အာရှသို့ ရွှေ့ပြောင်းရန် စီစဉ်နေကြောင်း ယင်းသတင်းက ဆိုသည်။ ဇွန်လကတည်းက ထရမ့်၏ ရွေးကောက်ပွဲအကြို မိန့်ခွန်းများကို သုံးသပ်ပြီး ပြည်တွင်းထုတ်လုပ်မှုများတွင် ပြဿနာများ ကြုံတွေ့နိုင်ကြောင်း သုံးသပ်မိသဖြင့် နိုင်ငံခြားတွင်သာ ထုတ်လုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။ ထိုင်ဝမ်အခြေစိုက် Hon Hai Precision Industry သည် Foxconn Technology Group ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး iPhone များကို ထုတ်လုပ်ရန်အတွက် ယခင်ကတည်းက Apple ကုမ္ပဏီအတွက် လုပ်ဆောင်ပေးနေကာ၊ နောက်ထပ် လုပ်ငန်းအကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် စာချုပ်များ ထပ်မံရရှိခဲ့သည်။ ထိုင်ဝမ်အခြေစိုက် Pegatron ကုမ္ပဏီကမူ Apple ကုမ္ပဏီ၏ တောင်းဆိုမှုများကို စျေးနှုန်းညှိနှိုင်းမှု အဆင်မပြေသောကြောင့် နောက်ဆုတ်သွားခဲ့သည်။ Apple ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသော ကုမ္ပဏီနှစ်ခုသည် နှစ်စဉ် iPhone အလုံးပေါင်း သန်း ၂၀၀ ခန့် ထုတ်လုပ်တပ်ဆင်ပေးရန် သဘောတူစာချုပ်များ ရရှိသွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် iPhone ကို ထုတ်လုပ်မည် ဆိုပါက စရိတ်နှစ်ဆမက တက်သွားနိုင်သည့်အပြင် ထရမ့်၏ ရွေးကောက်ပွဲကြိုကာလ ပြောကြားသည့် စကားများထဲတွင် နိုင်ငံခြားမှ လုပ်သားများကို အမှီပြုနေသည့် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများကို အခွန်တိုးကောက်မည် ဆိုသည့် စကားရပ်များကြောင့် Apple ကုမ္ပဏီ၏ ပြည်တွင်ပြောင်းရွှေ့ထုတ်လုပ်မှုမှာ ပိုပြီး အလှမ်းဝေးသွားလိမ့်မည်ဟု Nikkei Asian Review တွင် သုံးသပ်ထားသည်။ Apple ကုမ္ပဏီသည် နိုင်ငံခြားတိုင်းပြည်များ ဖြစ်သည့် တရုတ်နိုင်ငံတွင်သာ မိမိတို့ ထုတ်ကုန်များကို အဓိကထားပြီး ထုတ်လုပ်နေသော ကုမ္ပဏီဖြစ်ပြီး၊ ထရမ့်၏ နိုင်ငံခြားတွင် အလုပ်လုပ်နေသော ကုမ္ပဏီများကို ပြည်တွင်း ပြန်လာရေး အစီအစဉ်ကို သဘောမကျသဖြင့် ကန့်ကွက်လျက်ရှိသည်။ ထရမ့်ကလည်း ရွေးကောက်ပွဲအကြို ကာလတွင် မိမိတိုင်းပြည်ကို စမတ်အလွန်ကျသော တိုင်းပြည်၊ ထူးချွန်ထက်မြက်သော တိုင်းပြည်၊ စွမ်းအားအပြည့်ရှိသော တိုင်းပြည်အဖြစ် ကမ္ဘာက အံ့အားသင့် ငေးမောစေရမည်ဟု လေလုံးထွားထားကြောင်း Nikkei Asian Review တွင် ရေးသားထားသည်။
Source : https://goo.gl/u5hYAb
via IFTTT
No comments:
Post a Comment