Thursday, November 17, 2016

The Voice

ပုဂံဘုရား ၈၉ ဆူကို ပုဂ္ဂလိကသို့ ပြင်ဆင်ခွင့် မပြုဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၁၆ အင်အား ရစ်ချခ်စတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ချောက်ငလျင်အပြီး ပျက်စီးခဲ့သည့် ပုဂံဘုရားများအနက် သမိုင်း အမွေအနှစ်၊ ဗိသုကာ၊ အနုပညာ တန်ဖိုး ကြီးမားပြီး ပျက်စီးမှု တန်ဖိုးမြင့်သော ပုဂံဘုရား ၈၉ ဆူကို ပုဂ္ဂလိကနှင့် ပရဟိတ အဖွဲ့များကို ပြင်ဆင်ခွင့် မပြုကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက ထုတ်ပြန်လိုက်သည်။ ထီးလိုမင်းလိုဘုရားကို ပြုပြင်မည်ဟု “ရွှေပြည်တော် ဆုံမှတ်”ပရဟိတ အသင်းက အဆိုပါ ဘုရားတွင် ဗီနိုင်းချိတ်ဆွဲ ရေးသားထားခြင်းနှင့် ပတ်သက်၍ ထိုသို့ မပြုလုပ်ရန်နှင့် ဂေါပက အဖွဲ့ကိုပါ သတိပေး ဆွေးနွေးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်တွင် အဆိုပါ ဗီနိုင်းကို ဖယ်ရှားခဲ့ပြီး ယခု ထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံယဉ်ကျေးမှု ဒေသရှိ ဘုရားများကို ပြုပြင်ရာတွင် အမွေအနှစ်တန်ဖိုး မဆုံးရှုံးစေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောကြားသည်။ “အတိတ်က ဖြစ်ခဲ့တဲ့ အမှားမျိုးတွေ ထပ်မဖြစ်အောင် ထုတ်ပြန်တာပါ။ ပုဂ္ဂလိကတွေ၊ ပရဟိတတွေကို အသေးစား ပျက်စီးတာတွေကိုပဲ လုပ်ခွင့်ပေးဖို့ စီစဉ်ထားတယ်။ အဲ့လို ပေးပြင်ဖို့ကိုလည်း ဌာနနဲ့ တိုင်ပင်ပြီး လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်ရမှာပါ”ဟု ၎င်းက ဆိုသည်။ ငလျင်ဒဏ်သင့်မှုကြောင့် ပုဂံယဉ်ကျေးမှု နယ်မြေရှိ ဘုရားများကို ပြင်ဆင်ရန် ထိခိုက်ပျက်စီးမှု ပမာဏနှင့် တန်ဖိုးပေါ် မူတည်ကာ ပထမ ဦးစားပေး ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူနှင့် တတိယ ဦးစားပေး ၃ဝဝ ဆူဟူ၍ သတ်မှတ်ထားသည်။ ဘုရားများကို ပြုပြင်ရာတွင် တတိယ ဦးစားပေး ဘုရားများထဲမှ အသေးစား ထိခိုက် ပျက်စီးခဲ့သော ဘုရား ၂၂၄ ဆူကိုသာ ပုဂ္ဂလိကနှင့် ပရဟိတ အဖွဲ့များက ပြင်ဆင်ခွင့်ရရန် ဝန်ကြီးဌာနသို့ ကြိုတင် ခွင့်ပြုချက် ရရှိစေရန် တင်ပြ လျှောက်ထားဆဲသာ ရှိသေးကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပျက်စီးမှုအရ အရေးကြီးသော ဘုရားများကို လက်ရှိတွင် ကနဦး စစ်ဆေးခြင်းနှင့် အရေးပေါ် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားပြီး နိုင်ငံတော်အဆင့် ကြီးကြပ်မှုဖြင့် ယူနက်စကို၏ အကြံပြုချက်များ၊ ပြည်တွင်း ပြည်ပရှိ ပညာရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့များနှင့် ယခုနှစ်ကုန်တွင် စတင် ပြင်ဆင်ရန် စီစဉ်ထားကြောင်း ဦးအောင်ကျော်ကျော်က ပြောဆိုသည်။
Source : https://goo.gl/0iR2fP
via IFTTT

No comments:

Post a Comment