မလေးရှား ဝန်ကြီးချုပ် ဦးဆောင်ဆန္ဒပြမှု အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ဟု မြန်မာအစိုးရ တုံ့ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၄ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဘင်္ဂါလီအရေးကိစ္စအပေါ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်၍ ပြင်းပြင်းထန်ထန် ဆန္ဒပြမှု လုပ်ရပ်မှာ အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ “ဒီလိုလုပ်တာဟာ အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်သလို အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေတယ်။ အာဆီယံ စတင်တည်ထောင်ရာမှာ ပါဝင်တဲ့ နိုင်ငံတစ်ခုက ဒီလိုမျိုး ချိုးဖောက်မှုတွေ လုပ်တာ အာဆီယံ ပေါင်းစည်းမှုအတွက် တော်တော်ကို စိုးရိမ်ရတဲ့ အနေအထား ရောက်လာပြီလို့ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ မလေးရှားအစိုးရ အနေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်သည့် ရိုဟင်ဂျာအရေး ပြောဆိုမှုများအတွက် မြန်မာအစိုးရက တုန့်ပြန်ရန် အသေးစိတ် လေ့လာနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ဆိုသည်။ မည်သည့်ပုံစံဖြင့် တုန့်ပြန်မှု ပြုလုပ်သွားမည်ကို ပြောပြနိုင်ခြင်း မရှိသေးသော်လည်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်များနှင့် ပတ်သတ်သည့် ထုတ်ပြန်ချက်ကို အသေးစိတ် လေ့လာမှု ပြုလုပ်နေပြီး အကောင်းဆုံး တုန့်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက The Voice သို့ ပြောကြားသည်။ ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ခေါ်ယူ၍ သတိပေး ပြောကြားမှု ပြုလုပ်ခဲ့ သော်လည်း ယင်းသို့ ပြောကြားပြီး နောက်ပိုင်းတွင် မလေးရှားအစိုးရနှင့် ဝန်ကြီးချုပ် ကိုယ်တိုင် ရခိုင်ပြည်နယ်အတွင်း ပြဿနာများနှင့် ပတ်သတ်၍ ဆန္ဒပြမှု ပြုလုပ်ခဲ့သည့်အတွက် ယင်းပြဿနာကို ပြည့်ပြည့်စုံစုံ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “လက်ရှိ ကျွန်တော်တို့ သေချာလေ့လာနေပါတယ်။ သူတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ပါတဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့ စာလုံးတွေ အပိုဒ်တွေ စာလုံးတစ်လုံးချင်း ဝါကျတစ်ကြောင်းချင်းကအစ ကျွန်တော်တို့ လေ့လာနေပါတယ်၊ အကောင်းဆုံး ဖြစ်အောင်တော့ တုန့်ပြန်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ ဒီဇင်ဘာလ ၄ ရက်နေ့က မလေးရှားနိုင်ငံအတွင်း လူထောင်နှင့်ချီ၍ ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အစိုးရက မူဆလင်များကို သတ်ဖြတ်နေသည်ဟု စွပ်စွဲချက်များဖြင့် မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့ ကန့်ကွက်ဆန္ဒပြမှုတွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း အင်တာဗျူး တစ်ခုတွင် လက်ရှိ ရခိုင်ပြည်နယ်နှင့်ပတ်သတ်၍ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် မျှမျှတတ ရှုမြင်သုံးသပ်မှုများ ပြလုပ်ကြရန် ဝေဖန်မှု ပြလုပ်ခဲ့သည်။
Source : http://ift.tt/2gWOaVi
via IFTTT
No comments:
Post a Comment