Tuesday, July 12, 2016

DVB TV News

အခွန်စိစစ်မှုခံယူရန် ထုတ်ပြန်ချက်ကြောင့် ပြည်တွင်းကားဈေးနှုန်းမြင့်တက် (သိုက်ဇင်) ======================== ပြည်တွင်းအခွန်ဦးစီးဌာနက မော်တော်ယာဉ်ရောင်းချမှုအပေါ် အခွန်စိစစ်မှုခံယူရန် ထုတ်ပြန်လိုက်တဲ့ နှိုးဆော်ချက်ကြောင့် ပြည်တွင်းကားဈေးနှုန်းတွေက မြင့်တက်သွားတဲ့အကြောင်း မြန်မာ မော်တော်ယာဉ် ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌက ဒေါက်တာစိုးထွန်းက ပြောပါတယ်။ မော်တော်ယာဉ်ကို ရောင်းချလဲလှယ် လွှဲပြောင်းရာက ရရှိတဲ့ အမြတ်အစွန်းငွေကို အရောင်းအ၀ယ် ဆောင်ရွက်တဲ့နေ့ကစပြီး တလအတွင်း သက်ဆိုင်ရာ အခွန်ရုံးတွေမှာ အခွန်စည်းကြပ်မှု ခံယူရမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက နှိုးဆော်ထားတာပါ။ အခွန်ဦးစီးဌာနက အခုလို နှိုးဆော်လိုက်တဲ့အပေါ် ပြည်တွင်း ကား၀ယ်ရောင်းဈေးကွက်မှာ ကားဈေးတွေက ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားတယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ “ကားအသစ် ပြည်ပကနေသွင်းတဲ့သူတွေ အနေနဲ့ကတော့ ကနည မှတ်ပုံတင်မှာကျတော့ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ဆောင်ရတာ ရှိတဲ့အခါကျတော့ ကားဈေးနှုန်းက မြောက်သွားတဲ့ အနေအထား ရှိတယ်။ အဲဒီအပိုင်းကတော့ အရောင်းအ၀ယ် ပါးသွားတယ်။ ဒါပေမယ့် တနိုင်တပိုင် ရောင်း၀ယ်တဲ့၊ ကားဟောင်းပြင်တဲ့ ရောင်း၀ယ်တဲ့ လုပ်ငန်းကတော့ ပိုကောင်းလာတယ်။ အရင် ၁၀၀ တန်ကားတစီးက ၁၅ သိန်းလောက် ဈေးတက်သွားတဲ့အတွက်ကြောင့် ကားဟောင်းစီးတဲ့ဈေးက အရင်တုန်းက ဈေးနိမ့်ပေမယ့် အခုကတော့ ပြန်ပြီး ဈေးပြန်တက်လာတယ်။ ကားအဟောင်း အကြမ်းဖျင်း သိန်း ၂၀၀ တန်၊ ၃၀၀ တန် ကားတစီးဆိုရင် အခု သိန်း ၂၀၊ ၃၀ ဈေးပြန်တက်လာပြီ။ သူတို့အနေနဲ့ကတော့ ဈေးတော့ ပြန်တက်လာတဲ့အပိုင်း ရှိတယ်။” ဒီ့အပြင် အခွန်နဲ့ပတ်သက်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက မော်တော်ယာဉ် ပိုင်ဆိုင်မှုဆိုင်ရာ ပြဋ္ဌာန်းထားရှိတဲ့ ဥပဒေဟာ အားနည်းမှု ရှိနေတယ်လို့ မော်တော်ယာဉ် တင်သွင်းရောင်းချသူ တဦးဖြစ်တဲ့ KL 7 ကားအရောင်းစင်တာမှ မန်းနေးဂျင်းဒါရိုက်တာ ဦးကြည်သာဟန်က ထောက်ပြပြောပါတယ်။ “ဒီအုံနာဘုတ်ထဲမှာပေါက်နေတဲ့ နာမည်သည် ဒီကားရဲ့ ပိုင်ရှင်ဖြစ်ကြောင်းသာ အကျုံး၀င်သည်လို့ ဖြစ်နေရင် ကားသာရလာပြီး နာမည်မပြောင်းရသေးဘူးဆိုရင် လူတွေက နာမည်ကို ဂရုစိုက်လာလိမ့်မယ်။ အခုက လူတွေက ကား၀ယ်တယ်ဆိုရင် အုံနာဘုတ်ကို စာရွက်စာတမ်း မှန်မမှန်လောက်ပဲ စစ်လိုက်တယ်။ ကားကို အဓိက ကြည့်တယ်၊ ပြီးသွားပြီ။ တခြားလူရဲ့နာမည် ဖြစ်တာတွေ မဖြစ်တာတွေ ဂရုမစိုက်ဘူး။ အဲဒီလိုပဲ အများက စီးကြတယ်။” လက်ရှိမှာဆိုရင်တော့ ပြည်တွင်းအခွန်ဦးစီးဌာနက ပညာပေးကာလအနေနဲ့ မော်တော်ယာဉ်တွေကို အခွန်စိစစ်မှု ခံယူရန်အတွက် နှိုးဆော်ထားပြီး အခွန်ဥပဒေအရ အရေးယူဆောင်ရွက်မယ့် ကြေညာချက်မျိုး မရှိလို့ တပိုင်တနိုင် ၀ယ်ရောင်းလုပ်ကိုင်သူတွေက အခွန်ကင်းလွတ်နေပါတယ်။
Source : http://ift.tt/29ALFDM
via IFTTT

No comments:

Post a Comment