ဝန်ကြီးများရုံးကို တက္ကသိုလ်အဖြစ် ဖွင့်လှစ်ရန် ကမ်းလှမ်း (အောင်ရှင်) ========================== ရန်ကုန်မြို့လယ်ရှိ သမိုင်းဝင်ဝန်ကြီးများ ရုံးအဆောက်အအုံနေရာကို နိုင်ငံတကာအဆင့်တက္ကသိုလ် အဖြစ် ဖွင့်လှစ်ရန် ဗြိတိန်အခြေစိုက် ဗိသုကာကုမ္ပဏီ NWD Architects က ပညာရေးဝန်ကြီးဌာနထံ ကမ်းလှမ်းထားသည်ဟု တာဝန်ရှိသူက ပြောကြားသည်။ ကိုလိုနီခေတ်က အင်္ဂလိပ်အစိုးရရုံးများ တည်ရှိခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင်ဝန်ကြီးများရုံးအဆောက်အအုံကို မူလဟန်မပျက် ပြန်လည်ပြုပြင်၍ အဆင့်မြင့် တက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်သွားမည်ဖြစ်ပြီး တက္ကသိုလ်၏ အမည်ကို မက်ထရိုပိုလီတန် အာဇာနည်တက္ကသိုလ် (Martyrs Metropolitan University) ဟု သတ်မှတ်ရန် လျာထားသည်ဟု NWD Architects ၏ ဒါရိုက်တာ မစ္စတာ ဂရေဟမ်လူးဝစ်က မြန်မာတိုင်း (မ်) ကို ယမန်နေ့က ပြောကြားခဲ့သည်။ "ဒီအဖိုးတန်အဆောက်အအုံကြီးတွေ ကို သင့်တော်တဲ့နည်းလမ်းနဲ့ ပြန်လည် အသုံးပြုနိုင်ဖို့ ကြံစည်စိတ်ကူးတဲ့ သဘောပါပဲ။ စီမံကိန်းအဆိုပြုလွှာကို ပညာရေး ဝန်ကြီးဌာနထံ တင်ပြထားပြီး ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။ ကမ္ဘာ့နိုင်ငံများတွင် ဗြိတိသျှတက္ကသိုလ် များဖွင့်လှစ်ထားသည့်နည်းတူ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး အဆောက်အအုံကို အစိုးရနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံ၍ တက္ကသိုလ်တစ်ခုအဖြစ် ဖွင့်လှစ်ရန် မျှော်လင့်ထားသည် ဟုလည်း မစ္စတာဂရေဟမ်က ပြောသည်။ "ဝန်ကြီးများရုံးအဆောက်အအုံကြီးတွေကို ဘယ်လိုပြန်လည်အသုံးပြုမလဲဆိုတာ အတော်ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ သမိုင်းဝင် အဖြစ်အပျက်တွေ ရှိခဲ့တဲ့အတွက် ဒီအဆောက် အအုံတွေကို စီးပွားရေးအရ အသုံးချဖို့ မသင့်တော်ပါဘူး။ သီးခြားတက္ကသိုလ်ဝင်းတစ်ခုအဖြစ် အသုံးချမယ်ဆိုရင် အတိတ်က အာဇာနည် ခေါင်းဆောင်တွေကို အလေးအမြတ်ထားရာရောက်သလို တိုင်းပြည် အနာဂတ်အတွက်လည်း ကောင်းနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။ ဗြိတိသျှပညာရေး လေ့လာရေးစင်တာ တစ်ခုဖြစ်လာမည့် အဆိုပါတက္ကသိုလ် ဖွင့်လှစ်ရန် ဝန်ကြီးများရုံး အဆောက်အအုံဝင်းအတွင်း စာကြည့်တိုက်၊ ဗိသုကာနှင့် အနုပညာဌာနအဖြစ် ခွပ်ဒေါင်းပုံ ဘေးထွက် အဆောင်တစ်ခု ထပ်မံတည်ဆောက်မည် ဖြစ်ပြီး မူလအဆောက်အအုံများ အားလုံးကို ၂၁ ရာစု နှင့်အညီ မူလလက်ရာမပျက် ပြန်လည်ပြုပြင်သွားမည်ဟု အဆိုပါကုမ္ပဏီက အဆိုပြုထားသည်။ အဆိုပါကုမ္ပဏီက စီမံကိန်းအဆိုပြုလွှာကို ဇူလိုင် ၁၁ ရက်က ပညာရေးဝန်ကြီး ဌာနကို တင်ပြခဲ့သည်ဟု သိရပြီး ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများထံ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာတွင် "ခုချိန်ထိတော့ ကျွန်တော်တို့ဆီကို လာပြီး အဆိုပြုထားတဲ့ အဲဒီလို စီမံကိန်း မရှိသေးပါဘူး။ ကျွန်တော်တော့ မသိပါဘူး" ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောကြားသည်။
Source : http://ift.tt/29Ggp8P
via IFTTT
No comments:
Post a Comment