ညွှန်ကြားချက်သစ်ကြောင့် ယမကာလုပ်ငန်းရှင်များ အခက်တွေ့ (စုဖြိုးဝင်း) =============== စားသောက်ဆိုင်များတွင် စည်ဘီယာကို ပန့်ဖြင့် ရောင်းချနေမှုများ ရပ်ဆိုင်းရန် ညွှန်ကြားချက်ကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယခုရက် သတ္တပတ်အတွင်း ထပ်မံသတိပေးလိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ မြို့နယ် အုပ်ချုပ်ရေးရုံးများတွင် ယမကာရောင်းချသော စားသောက်ဆိုင်များက သိရှိကြောင်းလက်မှတ်ထိုးခဲ့ရသည်။ ယမန်နှစ် နှောင်းပိုင်းကပင် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက မြန်မာနိုင်ငံ ယစ်မျိုး အက်ဥပဒေနှင့် နည်းဥပဒေများအရ ခေတ်ကာလနှင့် လျော်ညီသည့် ညွှန်ကြားစာများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထပ်မံညွှန်ကြားချက်အရ ယစ်မျိုးသယ်ဆောင်ခွင့် လက်မှတ်နှင့် ယစ်မျိုးလိုင်စင်အမျိုးအစား အလိုက် ဖြန့်ဖြူးရောင်းချခွင့် ရှိသည့် အရက်၊ ဘီယာနှင့် ဝိုင်တို့ကို ကန့်သတ် ဖော်ပြလာသည်။ ညွှန်ကြားချက်အသစ်အရ ပြည်တွင်းဘီယာချက်စက်ရုံများမှ ထုတ်လုပ် ဖြန့်ဖြူးသည့် စည်ဘီယာပန့်ကို ယစ်မျိုး လိုင်စင် FL9 နှင့် FL10 ကိုင်ဆောင်ထားသော စားသောက်ဆိုင်များတွင်သာ ရောင်းချ ခွင့်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ယခင် ယစ်မျိုးလိုင်စင် FL17 ကိုင်ဆောင်ပြီး ယမကာရောင်းချသူများမှာ စည်ဘီယာပန့်ရောင်းချခွင့်မရှိတော့ပေ။ လိုက်နာခြင်း မရှိပါက ယစ်မျိုးဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။ "ပြီးခဲ့တဲ့တစ်ပတ်လောက်က မြို့နယ်အုပ် ချုပ်ရေးရုံးမှာ ဘီယာဆိုင်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီး FL 17 နဲ့ ပန့်ဘီယာမရောင်းရဘူးလို့ပြောတယ်။ ပြီးတော့ ဒီနေ့ပဲ ရုံးမှာ စာရွက်သွားယူရတယ်။ ဘာကြောင့် ဒီလို ညွှန်ကြားချက်မျိုး ထုတ်တယ် ဆိုတာတော့ နားမလည်ဘူး။ ကျွန်တော်ကတော့ ဘီယာ သောက်သုံးသူ အရေအတွက် လျော့ကျချင်ရင် အခွန် တိုးကောက်လို့ ရတယ်လို့ ထင်တာပဲ။ အခုထိတော့ ဘယ်လိုလုပ်ရမယ် မသိသေးဘူး။ FL 9 လိုင်စင်တော့ ထပ်လျှောက်ထားတယ်"ဟု ဦးတင်ရွှေက ပြောသည်။ ၎င်းက တာမွေမြို့နယ် ကျားကွက်သစ်လမ်းအတွင်း စားသောက်ဆိုင်ဖွင့်လှစ်ထားပြီး စည်ဘီယာပါ တွဲဖက် ရောင်းချနေခြင်း ဖြစ်သည်။ ယခင်မူဝါဒအရ FL 17 လိုင်စင် ကိုင်ဆောင် ထားသူများသည် နိုင်ငံခြားဖြစ်နှင့် ပြည်တွင်းဖြစ် အရက်များအပြင် စည်ဘီယာအမျိုးအစား များကိုလည်း ရောင်းချခွင့်ရှိသောကြောင့် ယမကာဆိုင်ပိုင်ရှင် အများစုက အဆိုပါ လိုင်စင်သာ လျှောက်ထားခဲ့ကြသည်။ ညွှန်ကြားချက်အသစ် ယခုနှစ်အတွက် လိုင်စင်ကြေး ပေးဆောင်ချိန် မေလအစောပိုင်းက အထိ မသိရှိခဲ့ရဘဲ လွန်ခဲ့သော ရက်အနည်းငယ်ကမှသာ ရုတ်ခြည်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ "FL17 အတွက် နှစ်စဉ်လိုင်စင်ကြေး ၂၄ သိန်း သွင်းရတယ်။ ဒီကိစ္စကို လိုင်စင်ကြေး သွင်းတုန်းကလည်း မပြောဘူး။ ပြီးခဲ့တဲ့တစ်ပတ် မြို့နယ်အစည်းအဝေးကျမှ စသိတာ။ လိုင်စင်က ထပ်လျှောက်ထားပေမဲ့ ယစ်မျိုး လိုင်စင်သစ်က ထပ်ထုတ်ပေးတော့တာ မဟုတ်တဲ့အတွက် မရောင်းရတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ တော်တော် အဆင်မပြေ ဖြစ်မှာပါ။ ကျန်တဲ့ ရောင်းလို့ရတဲ့ အမျိုး အစားကိုပဲ ဆက်ရောင်းရမှာပေါ့။ လက်ရှိ အချိန်ထိကတော့ စည်ဘီယာ ရောင်းနေတုန်းပဲ"ဟု ၎င်းကပြောသည်။ စည်ဘီယာပန့်ဖြင့် ရောင်းချသည့် ဆိုင်ပေါင်း ၇,၀၀၀ ကျော် ရှိသည့်အနက် ဆိုင်ပေါင်း ၂,၅၀၀ ဝန်းကျင်သာ FL 9 လိုင်စင် ကိုင်ဆောင်ထားခြင်းဖြစ်သည်။ အများစု မှာမူ FL 17 လျှောက်ထားပြီး ယမကာရောင်းချ ခဲ့ကြသည်။ စည်ဘီယာပန့်ဖြင့်ရောင်းချခြင်းမှာ ပုလင်းသွတ် ဘီယာထက် ၃၀ ရာခိုင်နှုန်း အထိ ဈေးချိုသာပြီး စားသုံးသူများက ပိုမို နှစ်သက်စွာ သောက်သုံးကြကြောင်း ယမကာ လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ယစ်မျိုးနှင့် အခွန်ဌာန ညွှန်ကြားရေးမှူး ဦးလှဝင်းတင်က ယစ်မျိုးသယ်ဆောင်ခွင့် လက်မှတ်များ ရှင်းလင်းမှု ရှိစေရန် ရုံးချုပ်က ညွှန်ကြားချက် ထုတ်ပြန်ပြီး စည်ဘီယာရောင်းချမှုကို သီးသန့် ခွဲထုတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ "၂၀၁၅ နှစ်ကုန်ကတည်းက ထုတ်ပြန်ခဲ့ တာပါ။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကိုလည်း ရှင်းလင်းအသိပေးဖို့ အကြောင်းကြားထားပြီးသား ဖြစ်တယ်။ မူဝါဒ အပြောင်း အလဲတစ်ခု ဖြစ်လာရင်တော့ အရေးယူမှုတွေ၊ ထိခိုက်မှုတွေ ရှိတတ်ပါတယ်။ တစ်ချိန်တုန်း ကလည်း ပန့်ဘီယာက လိုင်စင် ရှိရှိ မရှိရှိ ရောင်းချခွင့်တွေ ရခဲ့ကြတယ်။ အခု ညွှန်ကြား ချက်အသစ် ထွက်လာရင်တော့ အရေးသာတွေ ရှိလာနိုင်သလို အရေးမသာတာတွေ လည်း ရှိနိုင်တယ်"ဟု ၎င်းက ပြောသည်။ ယစ်မျိုးလိုင်စင် ရည်ညွှန်းမူဝါဒအရ နှစ်စဉ် လိုင်စင်အရေအတွက် လျော့ကျ သွားရန် ဆောင်ရွက်ရမည် ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် လိုင်စင် အရေအတွက် ၄၁,၁၅၃ ခု ရှိခဲ့ရာမှ ယခုနှစ်တွင် နှစ်ခုသာ လျော့ကျခဲ့ပြီး အရေအတွက် ၄၁,၁၅၁ ခု ရှိနေသေးကြောင်း ၎င်းက ပြောသည်။ "ဥပဒေကို အခြေခံပြီး သွားတဲ့ကိစ္စ ဖြစ်တဲ့ အတွက် တခြား အကြောင်းအရာတွေနဲ့တော့ မတူဘူး။ အခု FL 9 နဲ့ FL 10 မရှိရင် ရောင်းချ ခွင့်မရှိဘူး။ ထပ်မံ လျှောက်ထားမယ် ဆိုရင်လည်း အရင်ပြောခဲ့သလိုပဲ ယစ်မျိုးလိုင်စင်အရေအတွက်က တိုးထုတ်ပေးဖို့ မရှိပါဘူး"ဟု ၎င်းက ပြောသည်။ မကွေးခရိုင်အတွင်း၌လည်း FL 17 လိုင်စင် ဖြင့် ပန့်ဘီယာရောင်းချဆဲဖြစ်သည့် ဆိုင်ပေါင်း ၅၀ ကျော် အရေးယူခံထားရပြီး ဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့ကို စတင်စစ်ဆေးနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားမည် ဟု ၎င်းက ပြောသည်။ မြန်မာ ကားလ်ဘာ့ခ် ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ အန်သိုနီကလာ့ခ်ကလည်း အဆိုပါ အပြောင်းအလဲကြောင့် ဘီယာရောင်းချသူများ နစ်နာနိုင်သည့်အပြင် ပုံမှန်စားသုံးသူများ ကိုလည်း ဆုံးရှုံး သွားနိုင်ကြောင်း ပြောသည်။ "စားသုံးသူတွေကလည်း ကိုယ်ကြိုက်ပြီး ကိုယ်ထိုင်နေကျဆိုင်မဟုတ်ဘဲ ပန့်စည် ဘီယာ ရောင်းချခွင့်ရှိတဲ့ဆိုင်ကိုပဲ သွားသောက် ရမလို ဖြစ်နေတယ်။ FL 17 ကိုင်ထားတဲ့ ဆိုင်တွေကတော့ စီးပွားရေးအရထိခိုက်မှာပဲ" ဟု ၎င်းကပြောသည်။ မြန်မာဘရူဝါရီလီမိတက်က ချက်လုပ်သည့် မြန်မာဘီယာသည် လက်ရှိတွင် ပြည်တွင်းဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ ကားလ်ဘာ့ခ် ဘီယာမှာမူ ၂၀၁၃ ခုနှစ်မှ စတင်ကာ ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်ရထားပြီး နှစ်နှစ်အကြာတွင် ဟန်နီကန်ဘီယာက ထုတ်လုပ်ဖြန့်ဖြူးခွင့် ရခဲ့ခြင်းဖြစ်သည်။ မြန်မာ ဘရူးဝါရီကုမ္ပဏီ ဒုတိယအုပ်ချုပ် မှုဒါရိုက်တာ တက်ဆူဟီကိုဆာတိုက ဘီယာဆိုင်များ သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ ရောင်းချရမည် ဖြစ်သည့်အတွက် လိုက်နာရမည်သာ ဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။ ဟန်နီကန်ဘီယာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် APB Alliance Company အုပ်ချုပ်မှူဒါရိုက်တာ Lester Tan ကမူ ဝန်ကြီးဌာနက လိုင်စင်အသစ် ထုတ်ပေးတော့မည် မဟုတ်သောကြောင့် FL 17 ဖြင့် ရောင်းချနေသည့် ဘီယာဆိုင်များမှာ နောက်ထပ် FL 9 သို့မဟုတ် FL 10 ကို ပြန်လည်ရောင်းချ သူများထံမှ ဝယ်ယူရန် လိုအပ်လာမည် ဖြစ်ကြောင်း ပြောသည်။ "တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကိုင်တွယ်လာပြီဆိုရင်တော့ စီးပွားရေးမှာ ရပ်တန့်မှု တွေတော့ ဖြစ်တတ်ပါတယ်။ အခုလိုမျိုး သတ်မှတ်ထားတဲ့ လိုင်စင်မရှိရင် ရောင်းချ ခွင့်မရတော့တာမျိုးပေါ့။ ဒါကို ရေတို ပြဿနာပဲဖြစ်ဖို့ မျှော်လင့်ပြီး ကျွန်တော်တို့နဲ့ စာချုပ်ထားတဲ့ ဘီယာဆိုင်တွေနဲ့ ပူးပေါင်း ပြီး ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေတယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ ကျောက်တံတားမြို့နယ်ရှိ ဝိုင်တူးတီဘီယာဆိုင်မန်နေဂျာတစ်ဦးကလည်း ယခင်လအတွင်း သက်ဆိုင်ရာက ရောင်းချနေသည့် ယမကာအမျိုးအစားစာရင်းကို လာရောက် တောင်းခံသွားသော်လည်း အခြားညွှန်ကြား ချက်နှင့် အကြောင်းကြားစာမျိုး မရရှိသေးကြောင်း ပြောသည်။ "တခြားဆိုင်တွေက ဒီပြဿနာတွေကြားတော့ ကျွန်မကလည်း FL17 လိုင်စင်နဲ့ပဲ ရောင်းနေတာဖြစ်လို့ ပြတ်ပြတ်သားသားတစ်ခုသိချင်တယ်။ ဆက်ရောင်းရမှာလား မရောင်းရတော့ဘူးလား ဆိုတာမျိုးပေါ့။ မရောင်းရတော့ ရင်တော့ ဖောက်သည် တော်တော်လျော့မှာပဲ။ အဓိကက စည်ဘီယာ ရောင်းရတာကိုး" ဟု ၎င်းက ပြောသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ဘီယာရောင်းချသည့် ဆိုင်များ ကလည်း အဆိုပါအကြောင်းကြားစာကို ဇူလိုင် ၁၁ ရက်က ရရှိထားခဲ့ရာ စည်ဘီယာ ဆက်လက်ရောင်းချခွင့်နှင့် ပတ်သက်၍ အရေးယူခံရမည်ကို စိုးရိမ်နေကြကြောင်း ပြောသည်။
Source : http://ift.tt/29G0Woc
via IFTTT
No comments:
Post a Comment